ရန်ကုန် ၁၄ ဇွန်
ဘေးအန္တရာယ်များကျရောက်ပါက အလျင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်ထောက်ပံ့မည့် ပစ္စည်းများ ထိန်းသိမ်းသိုလှောင်ထားရှိသော ရန်ကုန်တိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်မြို့ရှိဗဟိုသိုလှောင်ရုံအား ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်အခြေအနေများတွင် ထောက်ပံ့မည့်ပစ္စည်းများ ထိန်းသိမ်းထားရှိသော သိုလှောင်ရုံများ၌ ပစ္စည်းများ စနစ်တကျ ထုပ်ပိုးထားရှိမှုနှင့် နေရာချထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးက သိုလှောင်ရုံများ အဆင့်မြှင့်တင်ထားခြင်းနှင့် ပြန်လည်ပြုပြင်မွမ်းမံထားမှု၊ အရေးပေါ်သည့်အချိန်တွင် ရရှိလာမည့် သတင်းအချက်အလက် အပေါ်မူတည်၍ အလျင်အမြန် ဖြန့်ဖြူးနိုင်ရေး စီစဉ်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိုလှောင်ထားရှိသည့်ပစ္စည်းများ အလေအလွင့်ဆုံးရှုံးမှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ကြ ရန်နှင့် လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရှိ ဝန်ထမ်းများအားတွေ့ဆုံ၍ တိုင်းဒေသကြီး ဦးစီးမှူးက ဗဟိုသိုလှောင်ရုံ၏စီမံခန့်ခွဲမှုလုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်း ခရိုင်ရုံးများ၊ မြို့နယ်ရုံးများ ဖွင့်လှစ်နိုင်ရေးစီစဉ်ထားရှိမှုနှင့် ရှေ့ဆက်ရမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ညှိနှိုင်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံမှဝန်ထမ်းများနှင့် တွေ့ဆုံကာဝန်ထမ်းများ၏ ထမ်းဆောင်ရမည့်တာဝန်၊ လိုက်နာရမည့်စည်းကမ်း၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ပြည်သူများအတွက် ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများ၊ ဦးစီးဌာန အချင်းချင်းလုပ်ငန်း သဘောဆက်စပ်ဆောင်ရွက်ရမှုများ၊ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မိတ်ဖွဲ့ဆောင်ရွက်ရသည့်ကိစ္စများကို ရှင်းလင်းပြောကြားပြီး စတင်တာဝန်ထမ်းဆောင်သော ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ သင်ကြားပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရေးနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)