ဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး

mdn

တက္ကသိုလ်ဇော်ထူးဦး

 

တနင်္ဂနွေ၊ ဩဂုတ် ၁၈၊ ၂၀၁၉အဆက်မပြတ်ရွာသွန်းခဲ့သော မိုးကြောင့် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံဖြစ်ခဲ့၏။ အထူးသဖြင့် ဘေးအန္တရာယ်ကျရောက်မှု ဆိုးဆိုးရွားရွား ဖြစ်လေ့ ဖြစ်ထ မရှိခဲ့ဖူးသော မွန်၊ ကရင်နှင့်တနင်္သာရီဒေသတို့မှာ ယခုအခါ ရေကြီးရေလျှံမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရလျက်ရှိသည်။

 

ရေကြီးရေလျှံသတင်းများသည် ဆိုရှယ်မီဒီယာများ၏ လျင်မြန်သော ဆက်သွယ်မှုစနစ်ကြောင့် အချိန်နှင့် တစ်ပြေးညီ ပြည်တွင်းအနှံ့ ပျံ့နှံ့လျက်ရှိ၏။ ဘေးဒုက္ခကျရောက်သည်ဆိုသည်နှင့် မြန်မာလူမျိုးတို့၏ နှလုံးသား စိတ်ဆန္ဒအရ ကူညီချင်ကြသည်မှာ ဓမ္မတာဖြစ်၏။ အလားတူ ပရဟိတလူမှုရေးအသင်း အဖွဲ့များကလည်း သွားဖို့၊ လာဖို့၊ ကူညီဖို့ပြင်ဆင်နေကြသလို တချို့မှာ ချက်ချင်းသွားရောက် ကူညီနေကြပြီဖြစ်သည်။

 

ကယ်ဆယ်ရေးလုပ်ငန်းများ

 

ဘေးဒုက္ခဖြစ်စဉ်တွင် တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးဒုက္ခမကျရောက်မီ၊ ဘေးဒုက္ခ ကျရောက်စဉ်နှင့် ဘေးဒုက္ခကျရောက်ပြီးနောက် ဆိုသည့်အဆင့်များကို ဆောင်ရွက်ကြရ၏။ ဘေးအန္တရာယ် မကျရောက်မီအဆင့်တွင် သက်ဆိုင်ရာဌာနမှ သတင်းအဆင့်ဆင့် ထုတ်ပြန်ပြီး ဘေးအန္တရာယ်ကျရောက် လာပါက ထိခိုက်မှုလျော့နည်းစေရန် ပြင်ဆင်ကြရ၏။ ဘေးဒုက္ခကျရောက်ပြီဆိုပါက ကူညီကယ်ဆယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြရ၏။ ဘေးဒုက္ခကျရောက်ပြီးနောက် ထိခိုက် ခံစားရ သူများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြရသည်။

 

ဘေးဒုက္ခကျရောက်နေချိန်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသည် အလွန်အရေးကြီး၏။ အထူးသဖြင့် ရေဘေး၊ လေဘေးနှင့် တောင်ပြို၊ ကမ်းပြို၊ မြေပြိုမှုများတွင် ထိခိုက်ခံစားရသူများအား ရှာဖွေကယ်ဆယ်ရေး သည် ခက်ခဲပြီး အန္တရာယ်များသည့် တုံ့ပြန်ကူညီမှုဖြစ်၏။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသည် ကယ်ဆယ် သူအား အချိန်တိုင်းတွင် လုံခြုံမှုရှိစေခြင်း၊ အချိန်တိုအတွင်း လူအရေအတွက် အများဆုံးကယ်တင်နိုင်ခြင်းနှင့် အန္တရာယ်ကျရောက်မှုနည်းသူကို ဦးစွာကယ်တင်ခြင်း တို့ဖြစ်၏။

 

ရှာဖွေကယ်ဆယ်ရေးဆိုသည်မှာ အရေးပေါ်အခြေအနေ တစ်ရပ်တွင် အန္တရာယ်ကျရောက်နေသူများ ရှိနေသည့် နေရာကိုဖော်ထုတ်ခြင်း၊ ၄င်းတို့ကိုအန္တရာယ်မှဖယ်ရှားခြင်း၊ ထိခိုက်ဒဏ်ရာကို ပြုစုခြင်း၊ သင့်လျော်သော ကျန်းမာရေး စောင့်ရှောက်မှု ရနိုင်သောနေရာသို့ ပို့ဆောင်ပေးခြင်း စသည့် လုပ်ငန်းဖြစ်သည်။

 

ရှာဖွေကယ်ဆယ်ရေးတွင် လုပ်ငန်းအဆင့် (၃) ဆင့်ဖြင့် လုပ်ဆောင်ရသည်။

 

အဆင့်(၁)မှာ အကဲဖြတ်သုံးသပ်ခြင်းဖြစ်၏။ အခြေအနေကို အကဲဖြတ်ခြင်းနှင့် မည်သည့်အရာကို လုပ်ဆောင် မည်၊ အကယ်၍ လုပ်ဆောင်မည်ဆိုပါက မည်ကဲ့သို့လုပ်ဆောင်မည်ကို ဆုံးဖြတ်ခြင်းဖြစ်၏။ ကယ်ဆယ်မှု တစ်ရပ်ကို ဆောင်ရွက်မည်၊ မဆောင်ရွက်မည်ဆိုသည့် ဆုံးဖြတ်ချက်သည် ဘေးအန္တရာယ်ကြောင့် ဆက်စပ် ဖြစ်ပေါ်နိုင်သည့် ထိခိုက်ဆုံးရှုံးနိုင်ခြေ၊ ဘေးဒဏ်ခံရသူအရေအတွက် အကောင်းဆုံးဖြစ်စေမည့် ရည်မှန်းချက်ကို ပေါက်ရောက်အောင်မြင်နိုင်မှုတို့အပေါ် အခြေခံ၍ ဆောင်ရွက်ရမည်ဖြစ်သည်။ အဆင့်(၂)မှာ ရှာဖွေခြင်းဖြစ်ပြီး ဘေးဒဏ်ခံရသူတို့ကို ရှာဖွေခြင်းနှင့် ၄င်းတို့ ၏တည်နေရာကို မှတ်တမ်းထားရှိခြင်းတို့ဖြစ်၏။ အဆင့်(၃)မှာ ကယ်ဆယ်ခြင်းဖြစ်၏။ ဘေးဒဏ်ခံရသူတို့ကို ကယ်ထုတ်ရေးနှင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့် နည်းလမ်းများကို လိုက်နာရှာဖွေကယ်ဆယ်ကြရသည်။

 

ကယ်ဆယ်ရေးဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များ

 

ကယ်ဆယ်ရေးဆောင်ရွက်ရာတွင် အဓိကထည့်သွင်း စဉ်းစားရမည့်အချက်များမှာ အခင်းဖြစ်ပွားရာနေရာအား ဆန်းစစ်လေ့လာရမည်။ ဘေးအ္တရာယ်ဖြစ်ပွားသည့်နေရာများတွင် ထိခိုက်ဒဏ်ရာရရှိထားသူများ၊ ကယ်ဆယ် သူများနှင့် ဘေးမှရပ်ကြည့်သူများကို အန္တရာယ်ဖြစ်စေနိုင်သည့် (မီးလောင်မှု၊ လျှပ်စစ်ဓာတ်ကြိုးများ တွဲလောင်း ကျနေမှု၊ ပစ္စည်းများလိမ့်ကျလာနိုင်မှု) အစရှိသည်တို့ကို ဆန်းစစ်လေ့လာရန်လိုအပ်၏။ ထိုသို့ ပတ်ဝန်းကျင် အခြေအနေများကို ဆန်းစစ်လေ့လာရာတွင် မည်သို့ဖြစ်ပျက်ခဲ့သည်၊ မည်သည့် အရာများ ဖြစ်ပျက်နေသည်နှင့် မည်သို့ဖြစ်နိုင်ခြေရှိသည်၊ ရရှိနိုင်သည့်ပစ္စည်းများ၊ ထိခိုက်ခံစားရသူများ၏ အော်ဟစ်သံများ၊ ညည်းညူသံ များနှင့် ငိုသံများကို သေချာစွာ နားထောင်ရန် လိုအပ်၏။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ကယ်ဆယ် သူသည် ဘေးဒဏ်ခံရသူဖြစ်မသွားစေရန် သတိပြုရမည် ဖြစ်သည်။

 

ရေနစ်သူအား ကယ်ဆယ်ရာတွင် သတိပြုရမည့် အချက်များရှိ၏။ ရေနစ်နေသူများသည် အကူအညီ တောင်းခံခြင်း မပြုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ရေနစ်သူများသည် ၄င်းတို့ ထံတွင်ရှိသည့် အင်အားများကို အသက်ရှူရန် သို့မဟုတ် ဦးခေါင်းများကို ရေမျက်နှာပြင်အထက်သို့ပေါ်ရန် ကြိုးပမ်းအားထုတ်နေကြရ သောကြောင့်ဖြစ်၏။ ထို့အပြင် ရေများသည် အသက်ရှူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာပါက လေလမ်း ကြောင်း ပိတ်ဆို့သကဲ့သို့ဖြစ်စေသည့်အတွက် အကူအညီတောင်းခံရန် ပိုမိုခက်ခဲသွားစေ၏။ ရေနစ်နေသူသည် ၄င်း၏ လက်များကို ထိန်းချုပ်မှု မရှိဘဲ ဝှေ့ယမ်းနေခြင်း၊ ရေကူးနေသည့်အနေအထားသည် ပုံမှန်ရေကူး နေခြင်းမျိုး မဟုတ်ခြင်း၊ ရေထဲတွင် မျက်နှာအောက်စိုက်နေခြင်း၊ ဦးခေါင်းတစ်ခုတည်းသာ ရေပေါ်တွင် ပေါ်နေပြီး ပါးစပ်ပွင့်နေသည့် အနေအထားဖြစ်နေခြင်းတို့ဖြစ်သည်။

 

ပထမဦးစွာ ရေနစ်နေသူသည် ထိတ်လန့်တုန်လှုပ်ခြင်း သို့မဟုတ် ရုန်းကန်လှုပ်ရှားခြင်းများ ဖြစ်ပေါ် ပြီးနောက် ရေမျက်နှာပြင်အောက်ထဲသို့ အသက်အောင့်၍ နစ်မြုပ်သွား၏။ ရေအောက်သို့ရောက်ရှိနေပါက ၃ မိနစ်အတွင်း သတိလစ်မှု စတင်ဖြစ်ပေါ်နိုင်၏။ ၆ မိနစ်ထက်ကျော်လွန်၍ ဦးနှောက် အတွင်းသို့ အောက်ဆီဂျင် မရောက်ပါက ဦးနှောက်ထိခိုက် ပျက်စီးသွားနိုင်၏။ နှလုံးသည်လည်း မိနစ်အနည်းငယ်ခန့် အောက်ဆီဂျင် ပြတ်တောက် သွားပါက ပုံမှန်မဟုတ်သည့် နှလုံးခုန်မှုဖြစ်ပေါ်စေပြီး နှလုံးမှသွေးညှစ်ထုတ်ခြင်းကို ဟန့်တားမှု ဖြစ်ပေါ်စေနိုင်သည်။

 

ရှာဖွေကယ်ဆယ်ရေးအတွက် အခြေခံလိုအပ်သည့်ပစ္စည်း ကိရိယာများလိုအပ်၏။ ရပ်ရွာများတွင် ဒေသအတွင်း အဆင်သင့်ရရှိနိုင်သည့် ပစ္စည်းကိရိယာများကို အသုံးပြု၍ စီမံခန့်ခွဲမှု ပြုလုပ်ရ၏။ ရှာဖွေရေးကယ်ဆယ်ရေး လုပ်ငန်းစဉ်များ ပြုလုပ်မည့်သူများအနေဖြင့် အခြေခံကျသည့် အရင်းအမြစ်များနှင့် ကိရိယာများဖြစ်သည့် လှေကားများ၊ ကြိုးများ၊ ဂေါ်ပြားများ၊ ပေါက်ချွန်းများ၊ သံတူရွင်းများ၊ ပုဆိန်များ၊ သံမဏိကျည်တောက်များ၊ သစ်သားပျဉ်ပြားများ၊ ခါးပတ်များ၊ ရေပိုက်ခေါင်းများ၊ လက်အိတ်အထူများ၊ အဝတ်အစားအထူနှင့် စောင်အထူ များ၊ မီးတုတ်များ၊ ရှေးဦးသူနာပြုသေတ္တာများ၊ စက်သီးများ၊ ဝါးလုံးများ၊ အသက်ကယ်ခါးပတ်များ၊ ရေပေါ်တွင် ပေါ်နိုင်သည့် အသက်ကယ်ပစ္စည်းများ၊ အသက်ကယ်အင်္ကျီများ၊ လှေများကို အသင့်ပြင်ဆင်ထားရမည်ဖြစ်သည်။

 

မြေငလျင်၊ ဆိုင်ကလုန်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း စသည်တို့သည် အဖိုးတန်လူ့အသက်ပေါင်း များစွာအပြင် အဆောက်အအုံများကိုလည်း ဖျက်ဆီး၏။ နံရံများ၊ တံခါးများ၊ သစ်သားပြား၊ ကျောက်ပြားများ၊ သစ်ပင်များ၊ ဗီရိုများ အစရှိသည့် လဲပြိုကျနေသည့်အရာများအောက်တွင် လူများပိတ်မိနေတတ်၏။ ထိုသူတို့၏ အခြေအနေသည် အသေးစား ထိခိုက်မှုမှ သတိလစ်မေ့မြောသည်အထိဖြစ်နိုင်၏။ ရပ်ရွာအခြေပြု ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းဖြင့် ဒဏ်ရာရရှိသူ အများအပြားကို ကယ်ဆယ်နိုင်သည်။

 

ဘေးအန္တရာယ်ကင်းကင်း ကယ်ဆယ်ရေး

 

ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် ထည့်သွင်းစဉ်း စားရမည့်အချက်များမှာ ပျက်စီးနေသည့် အဆောက် အအုံများနှင့် အခြားအဆောက်အအုံများကို အန္တရာယ်ဖြစ်နိုင်ခြေ အနည်းဆုံးဘက်မှသာ ချဉ်းကပ်ရန်၊ မတော် တဆဖြစ်မှုကြောင့် သေကျေဒဏ်ရာရသူများကို ရှာဖွေသည့်အခါတွင် အုတ်ကျိုး အုတ်ပဲ့များပေါ်တွင် မလိုအပ်ဘဲ လျှောက်သွားခြင်းမပြုရန်၊ ပြိုကျနေသည့်အဆောက်အအုံနှင့် အခြားအဆောက်အအုံများ အတွင်း သို့ ဝင်ရောက်ခြင်းမပြုရန်၊ ဆိုးဆိုးရွားရွားပျက်စီးနေသည့် အဆောက်အအုံများနှင့် ပြိုလဲနိုင်ဖွယ်ရှိသည့် အဆောက်အအုံများအနီးတွင် သွားလာခြင်း သို့မဟုတ် ရပ်တန့်နေခြင်းမပြုရန်၊ ပြိုကျနေသော အဆောက် အအုံအတွင်းသို့ ဝင်ရောက်နေစဉ်တွင် ဘေးကင်းလုံခြုံရေးအတွက် အပြင်ဘက်တွင်လူတစ်ဦးကို ချန်ထားခဲ့ရန်၊ အဆောက်အအုံများအတွင်း နေရာများသို့ဝင်ရောက်နေစဉ် အလင်းရောင်ရရှိရန်အတွက် အကာအကွယ် မရှိသော မီးများ၊ မီးတိုင်များ၊ ရေနံဆီမီးတိုင်များ ထွန်းညှိခြင်းမပြုရန်၊ အန္တရာယ်ရှိသော အဆောက်အအုံ အတွင်းသို့ ဝင်ရောက်နေစဉ်တွင် မျက်နှာကြက်များ၊ ခေါင်မိုးများကို အမြဲသတိပြုစစ်ဆေးရန်၊ ကျဉ်းမြောင်း ရှည်လျားသော နေရာများအတွင်း သို့မဟုတ် ကြမ်းခင်းများပေါ်တွင် နေရာတစ်ခုတည်း၌ လူအများအပြားစုဝေး မနေစေရန်၊ ပြိုလဲနိုင်သော နံရံများ၊ သို့မဟုတ် အခြားဆောက်လုပ်ရေးလုပ်ငန်းများ အနီးသို့ သွားရောက်ခြင်း မပြုရန်၊ ပျက်စီးပြိုလဲနေသည့် အဆောက်အအုံများသည် ဆက်သွယ်မှုမရှိသည့် အစိတ်အပိုင်းများကို စုပုံထားခြင်းသာဖြစ်ခြင်းကြောင့် လိုအပ်မှသာ သတိထား၍ သွားရန်ဖြစ်သည်။

 

ပျက်စီးပြိုလဲနေသည့်နေရာရှိ အုတ်ကျိုးအုတ်ပဲ့များကို ဖယ်ရှားသည့်အခါတွင် ရုတ်တရက်ဆောင့်ဆွဲခြင်း၊ ကိုင်လှုပ်ခြင်း၊ လှုပ်ခါခြင်း သို့မဟုတ် ပြင်းထန်သည့်ထုနှက်ခြင်းများအား ပြုလုပ်ခွင့်မပေးရန်၊ ပျက်စီးယိုယွင်း နေသည်များကို တစ်စစီ ဖြိုဖျက်သည့်အခါ သို့မဟုတ် ရှင်းလင်းရေးပြုလုပ်သည့်အခါများတွင် တငွေ့ငွေ့ လောင်နေသည့် သို့မဟုတ် မီးစွဲလောင်နေသည့် အရာဝတ္ထုများကို ရှေးဦးစွာ အဝေးသို့ဆွဲထုတ်သွားခြင်း၊ သို့မဟုတ် မီးငြှိမ်းသတ်ခြင်းများပြုလုပ်ရန်၊ မီးလောင်နေသည့် အခန်းများရှိ တံခါးများကို ဂရုတစိုက်သတိ ထားပြီးဖွင့်ရန်၊ မီးတောက်များ သို့မဟုတ် ပူပြင်းသည့်ဓာတ်ငွေ့များသည် ရုတ်တရက်အရှိန်နှင့် ထွက်လာ နိုင်ကြောင်း သတိပြုရန်၊ မီးလောင်ကျွမ်းနေသည့်နေရာများသို့ သွားရောက်သည့်အခါ ကိုယ်ကိုအောက်သို့ ကိုင်းညွတ်၍ သို့မဟုတ် ဒူးထောက်၍ ရွေ့လျားမှုပြုလုပ်ရန်။ ပြတင်းပေါက်များသည် အန္တရာယ်ဇုန်အတွင်းမှ လျင်မြန်စွာထွက်ခွာနိုင်ခြင်းကြောင့် ၄င်းတို့အနီးတွင် ဖြစ်နိုင်သမျှနေရန်၊ မီးလောင်နေသည့် အဆောက်အအုံ များ၏ မြေတိုက်ခန်းများအတွင်းတွင် ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့အမြောက်အမြားစုပြုံနိုင်သည့် အလား အလာရှိခြင်းကြောင့် အဆိုပါနေရာများတွင် လေဝင်လေထွက်ရှိ စေပြီးမှသာ ဝင်ရောက်ရန်၊ တူးဖော်မှုပြုလုပ်နေ သည့်နေရာတွင် လျှပ်စစ်ဓာတ်ကြိုးများရှိနေပါက လျှပ်စစ်ဓာတ်လိုက်ခြင်း မဖြစ်စေရန် လျှပ်စစ်ဓာတ်ကြိုး များအား ဂေါ်ပြားများကို အသုံးပြု၍ ဂရုတစိုက်သတိထားပြီး ကော်ထုတ်ဖယ်ရှားရန်၊ အကယ်၍ လျှပ်စစ်ဓာတ်ကြိုးများကို တွေ့ရှိပါက နောက်ထပ် ပျက်စီးခြင်း သို့မဟုတ် ပေါက်ပြဲခြင်း မဖြစ်စေရန် ယာယီ ရပ်ဆိုင်း ထားရန်၊ လျှပ်စစ်ကြိုးများပေါ်သို့ တက်နင်းခြင်း မပြုရန်တို့ ဖြစ်သည်။

 

မြေပြိုနိုင်မှုအန္တရာယ်

 

မြေပြိုမှုဖြစ်ပွားသည့်အခါတွင် မြေပြိုနိုင်မှုအန္တရာယ်ရှိကြောင်း သတိပေးချက်ရှိပါက အဆိုပါဒေသရှိ လူများ၊ မွေးမြူရေးတိရစ္ဆာန်များနှင့် ပိုင်ဆိုင်သည့်ပစ္စည်းများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းမှုပြုလုပ်နိုင်ရန် စီစဉ် ဆောင်ရွက်ပေးရမည်။ အထူးသဖြင့် သက်ကြီးရွယ်အို ပုဂ္ဂိုလ်များ၊ ကလေးများ၊ မသန်စွမ်းသည့်သူများနှင့် ဝေးလံသည့်နေရာတွင် တစ်သီးတစ်ခြား နေထိုင်သူများကို ကူညီနိုင်ရန် အရေးပေါ် စေတနာ့ဝန်ထမ်းများ အမြဲပင်လိုအပ်၏။ ရပ်ရွာစေတနာ့ ဝန်ထမ်းများအနေဖြင့် အဆိုပါဒေသရှိ လူများအား ဘေးအန္တရာယ် အကြောင်းကို သတိပေးပါ။ မြေပြိုမှုဖြစ်နိုင်သည့် နေရာများ၊ သို့မဟုတ် ရွှံ့နွံများစီးဆင်းသည့်နေရာနှင့် လမ်းကြောင်းများကို အခြေခံ၍ လူများအား ဘေးအန္တရာယ် ကင်းသည့် နေရာများသို့ရွှေ့ပြောင်းရန် လမ်းညွှန်မှုပြုလုပ်ပါ။ ဘေးအန္တရာယ်အကင်းရှင်းဆုံးနေရာကို သတ်မှတ်ရာတွင် မြေပြိုကျမှု မဖြစ်ပွားသေးသည့် တောင်ထိပ်များနှင့် တောင်ကုန်းများကို ရွေးချယ်ပါ။ ဘေးကင်းရာသို့သွားရာတွင် တောင်ကုန်းများပေါ်သို့ တက်ရသည့်အခါတွင် တောင်ကြားများ၊ လျှိုစောင်းများ သို့မဟုတ် မြောင်းများအတွင်းသို့ သွားရောက်ခြင်း မပြုလုပ်ရပါ။ အဘယ်ကြောင့်ဆိုသော် ယင်းနေရာများသည် မြေပြိုကျသည့် လမ်းကြောင်းများ ဖြစ်သွား နိုင်ခြင်းကြောင့်ဖြစ်၏။ လမ်းတစ်လျှောက်တွင် လူမမာများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကလေး သူငယ်များနှင့် အားအင်နည်းပါးသည့် လူများကို ကူညီစောင့်ရှောက်ပေးရမည်ဖြစ်သည်။

 

မြေပြိုကျမှုဖြစ်ပွားပါက အဆောက်အအုံများကို စွန့်ထားခဲ့၍ တောင်အောက်သို့ပြောင်းရွှေ့ပါ။ မြေပြိုကျမှု နှေးကွေးသွားပါက မြေအောက်မှပေါ်ထွက်လာသည့် ကျောက်တုံးများ (သို့မဟုတ်) အခြားအကျိုးအပဲ့ အပျက် အစီးအစအနများသည် ဆက်လက်၍ လိမ့်ကျလာနိုင်သည်ကို သတိပြုပါ။ လျင်မြန်သည့် အရှိန်ဖြင့် မြေပြို ကျခြင်း ရပ်တန့်သွားသည့်အခါ၌ ပြင်းထန်သည့် တုန်ခါမှုတစ်ရပ်ဖြစ်လာနိုင်သည်ကို သတိပြုပါ။ မြေပြိုကျမှု ပြီးဆုံးသွားသည့်အခါတွင် နောက်ထပ်ဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြင်း မရှိကြောင်း ကျိန်းသေမှသာလျှင် လူများအား ၄င်းတို့၏ နေအိမ်သို့ ပြန်လည်ပြောင်းရွှေ့နိုင်ရန် သတိကြီးစွာထား၍ ကူညီဆောင်ရွက်ပါ။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းပြုလုပ်ပါ။ မတော်တဆဖြစ်မှုကြောင့် သေကျေဒဏ်ရာ ရရှိသူ များကို ရှာဖွေဖော်ထုတ်၍ ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုပေးပြီး မီးလောင်ခြင်းကဲ့သို့သော နောက်ဆက်တွဲ ဘေးအ္တရာယ်များကို ထိန်းချုပ်မှုပြုလုပ်ပါ။ သက်ဆိုင်ရာ အာဏာပိုင်များထံ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို သတင်းပေးပို့ပါ။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသည် ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်း ဖြစ်သည့်အတွက် စနစ်တကျ လေ့ကျင့်မှု လိုအပ်၏။ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မည့်သူသည် ကျန်းမာသန်စွမ်းပြီး ကိုယ်ခံအား ကောင်းကာ သွက်လက်ဖျတ်လတ်စွာ ဆောင်ရွက်နိုင်သူဖြစ်ရန်လို၏။ တစ်ခါတစ်ရံ အသက်အန္တရာယ်နှင့် ကြုံနိုင်သည်ဖြစ်ရာ စွန့်စားခြင်းမျိုးကို ရှောင်ရှားပြီး ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်ရန်လည်းလိုအပ်၏။ မြန်မာ နိုင်ငံတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို ခေတ်မီနည်းစနစ်များဖြင့် လေ့ကျင့်ပေးထားသည် ကိုတွေ့ရ၏။ ပရဟိတစေတနာ့ဝန်ထမ်း ကူညီကယ်ဆယ် ရေးအဖွဲ့များအနေဖြင့်လည်း ဘေးဒုက္ခတုံ့ပြန်ကယ်ဆယ်ရေးတွင် ပါဝင်လုပ်ဆောင်ကြမည်ဆိုပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းအတွက် စနစ်တကျလေ့ကျင့်မှု ပြုလုပ်ထားရှိရန် လိုအပ်မည်ဖြစ်သည်။