မွေးကင်းစအရွယ် ကလေးငယ်တွေရဲ့အသားအရေက သိပ်နုနယ်ပါတယ်။ တံတောင်ဆစ်ကြားလေးတွေ၊ လည်ပင်းလေးတွေမှာ ပွန်းပြီး နီရဲနေတတ်တာပဲကြည့်။ ဒါတွေကတော့ ပိတ်လှောင်ပြီး ချွေးထွက်တာ ဒါမှမဟုတ် အသားခြောက်သွေ့တာကြောင့် ဖြစ်တတ်ပေမယ့် ပိုဆိုးတာ ပေါင်ခြံ၊ ပေါင်ကြား အရေပြားလေးတွေမှာ လောင်တာပဲ ဖြစ်ပါတယ်။

 

ဒီနေရာမှာ သေးခံ(Diaper) ဝတ်ပေးလေ့ရှိကြလို့ သေးခံလောင်တယ်လို့လည်း ခေါ်ကြတယ်။ ဒါပေမယ့် အနှီးပတ်ပေး၊ ဘောင်းဘီဝတ်ပေးထားတဲ့ ကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဘာလို့ဆို ဘေဘီလေးရဲ့ ဆီးနဲ့ ဝမ်းကြောင့် စိုစွတ်ပြီး ဘက်တီးရီးယားပျော်တဲ့အနေအထား ဖြစ်သွားနိုင်ပါတယ်။

 

ကလေးမှာ သေးခံလောင်ရတဲ့အကြောင်းရင်းက –

 

•           ဆီး ၊ ဝမ်း သွားပြီးတိုင်း ပေါင်ကြားကို သေချာမသန့်စင်ပေးတာ

 

•           သေးခံအစိုကြီးကို ဒါမှမဟုတ် ပေကျံနေတဲ့သေးခံကို မလဲပေးမိတာ အချိန်ကြာသွားတာ

 

•           သေးခံ နဲ့ ပွတ်တိုက်မိလို့ ပွန်းတာ

 

•           မှိုပိုးဝင်တာ

 

•           ဘက်တီးရီးယားပိုးဝင်တာ

 

•           သေးခံနဲ့ ဓါတ်မတည့်တာ

 

•           တုံ့ပြန်လွယ်တဲ့အသားအရေပိုင်ရှင်ဖြစ်နေတာ

 

•           သေးခံ သို့မဟုတ် ဘောင်းဘီ ကျပ်နေတာ၊ ပူအိုက်လှောင်စေတဲ့ ဘောင်းဘီအသားကို ဝတ်ထားတာ စတဲ့အကြောင်းရင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။

 

ဒါဆို ဘာလုပ်ရမလဲ

 

အချိန်အကြာကြီးမထားပါနဲ့

 

ကလေးကို ညစ်ပေနေတဲ့သေးခံကို အကြာကြီး မဝတ်ထားပေးမိပါစေနဲ့။ အရေပြားမှာ ဓာတ်မတည့်တာမျိုး၊ ထိခိုက်တာမျိုးတွေဖြစ်စေပြီး သေးခံလောင်တာကိုပါဖြစ်စေနိုင်တာကြောင့်ပါ။ သေးခံလောင်တာကို သက်သာစေဖို့ လုပ်ဆောင်သင့်တဲ့ ပထမဆုံးအချက်က သေးခံ ညစ်ပေနေတာတွေ့တိုင်း မြန်နိုင်သမျှမြန်မြန်လဲပေးဖို့ပါ။

 

ကလေးရဲ့အောက်ပိုင်းကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ

 

ကလေးက ဆီးနဲ့ ဝမ်းသွားထားတယ်ဆိုရင် တတ်နိုင်သလောက် မြန်မြန်အဝတ်လဲပေးပါ။ ခြောက်သွေ့၊ သန့်ရှင်းအောင်ထားမှ ဒီဧရိယာတဝိုက်မှာ ဘက်တီးရီးယားတွေပေါက်ဖွားဖို့လွယ်တဲ့နေရာတစ်ခု ဖြစ်မလာတော့ဘဲ ကလေးရဲ့အရေပြားကို မထိခိုက်စေမှာဖြစ်ပါတယ်။

 

အညစ်အကြေးစွန့်ပြီးတိုင်း သန့်ရှင်းရေးလုပ်ပေးပါ

 

ကလေးကိုအဝတ်လဲပေးတဲ့အခါတိုင်း အနည်းဆုံးတော့ ဂွမ်းစနုနုလေးနဲ့ ရေကိုသုံးပြီး ဆီးတွေနဲ့ အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးပါ။ အရေပြားကို ပုံမှန် pH ပမာဏရရှိအောင်ထိန်းညှိပေးပါ။ ကလေးကို သေးခံအသစ်လဲပေးဖို့အတွက် သန့်ရှင်းရေးလုပ်ပေးပြီးတိုင်းမှာ ခြောက်သွေ့အောင် သုတ်ပေးဖို့ကိုလည်း မေ့မထားသင့်ပါဘူး။

 

အနူးညံ့ဆုံး ထုတ်ကုန်တွေကိုပဲသုံးပါ

 

ကလေးမှာ အရေပြားဓါတ်မတည့်မှုဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ အရေပြား ဓါတ်မတည့်တာမျိုး ဖြစ်တဲ့အခါ ကလေးကိုအသုံးပြုပေးနေတဲ့ ပစ္စည်းတွေကိုသေချာစစ်ဆေးကြည့်ပါ။ အပြင်းစား ဆပ်ပြာတွေနဲ့ အယ်လ်ကိုဟောတွေ (သို့မဟုတ်) ဓါတုပစ္စည်းတွေ ထည့်သွင်း ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို ကလေးငယ်ကိုမသုံးပေးပါနဲ့။

 

Baby oil သို့မဟုတ် Baby Cream သုံးပေးပါ

 

ဆီးတွေက အရေပြားနဲ့ထိမိပြီး အရေပြားမှာ ဓါတ်မတည့်တာမျိုးတွေ၊ အဖုအပိမ့် ထွက်တာမျိုးတွေ မဖြစ်စေဖို့အတွက် ကာကွယ်တဲ့အနေနဲ့ ကလေးကို သန့်ရှင်းရေးလုပ်ပေးပြီးတိုင်း အရေပြားမှာ Baby Cream တစ်မျိုးကို လိမ်းပေးထားသင့်ပါတယ်။ အညစ်အကြေးသန့်စင်ပေးပြီးတိုင်း Baby Cream မှန်မှန်လူးပေးတာက အရေပြားထိခိုက်တာကို နည်းစေနိုင်ပြီး ပွန်းထား၊ လောင်ထားတဲ့နေရာတွေကို လည်းအနာကျက်စေမှာဖြစ်ပါတယ်။

 

ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

 

သေးခံလောင်တာက နာကျင်ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်စေတယ်ဆိုပေမယ့် ကလေးဆိုတော့ အရမ်းတော့ အာရုံမရှိလောက်တဲ့ဝေဒနာပါ။ တစ်ခုရှိတာက အဲ့ဒီကနေ ပိုးဝင်လာမှာကိုပဲ စိုးရိမ်ရပါတယ်။ သေးခံလောင်တဲ့ နေရာမှာ ရောဂါပိုးဝင်ပြီဆိုရင် ပြတတ်တဲ့ဒီလက္ခဏာလေးတွေကို သတိထားပါ။

 

•           သေးခံဝတ်တဲ့နေရာမှာရေကြည်ဖုလေးတွေဖြစ်လာတာ

 

•           အဖျားရှိလာတာ

 

•           နီရဲလာတာ

 

•           ရောင်ရမ်းလာတာ

 

•           သေးခံဝတ်တဲ့နေရာမှာ ပြည်တည်လာတာ၊ အရည်ထွက်လာတာ ဆိုရင် ကလေးအထူးကုဆရာဝန်ကို ပြသင့်ပါတယ်။

 

ငယ်ရွယ်လွန်းတဲ့ သားသားမီးမီးလေးတွေရဲ့ အရေပြားနုနုလေးမှာ ဒီဝေဒနာဖြစ်လာရင် သနားစရာ ကောင်းပါတယ်။ ဒီလိုလောင်တာမျိုးမဖြစ်ရအောင် ကြိုတင်သတိထားကာကွယ်တာအကောင်းဆုံးပါပဲ။ ကလေးတို့ရဲ့ အတွင်းပိုင်းအသားအရေမှာ လေဝင်လေထွက်ရှိဖို့သတိထားရမှာဖြစ်သလို အရည်အသွေး ကောင်းပြီး စိတ်ချရတဲ့ အသားအရေသုံးပစ္စည်းတွေကို ဝယ်ဖို့လည်းအရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။

 

 

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”