၆ ဇွန်

ဘေဘီလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်မှာ မေမေဖေဖေတို့ဘက်က လုပ်ပေးရမှာတွေ၊ ဂရုစိုက်ရမှာတွေက အတော်လေးများသား။ ဒီလို ဂရုစိုက်မှုတွေထဲမှာ ထည့်တွေးရတဲ့ အရာတစ်ခု ရှိပါ တယ်။ ဒါကတော့ ကလေးကို ဒါလေးတိုက်လို့ ဖြစ်ပါ့မလား။ ဒီအရွယ်ဆို တိုက်လို့ရပြီလားဆိုတဲ့ ကိစ္စပါ။

ဒီစိတ်ထဲ တွေးပူနေရတဲ့ကိစ္စကို တူတူဆွေးနွေးကြရအောင်လား။

 

ဘေဘီလေးကို ဘယ်အရွယ်မှာ ဘာတွေ တိုက်မလဲ…………..

ဘေဘီလေး တစ်ယောက် အရွယ်ရောက်လာတဲ့အခါ ဘယ်အရွယ်မှာ ဘာတွေများတိုက်ရမလဲဆိုတော့

 

မွေးစကနေ ၁ နှစ်တာ

မွေးစကနေ ၆ လ အထိမှာ ဘေဘီလေးက အခြားသော အစားအစာတွေ၊ ရေတွေကို သောက်စရာ မလိုသေးပါဘူး။ ကလေးက ဒီအရွယ်မှာ မိခင်နို့တစ်မျိုးတည်းကိုသာ သောက်ရမှာပါ။ မေမေက အာဟာရပြည့်ဝအောင်စားပြီး နို့ချို များများတိုက်ပေးရင် လုံလောက်ပြည့်ဝတဲ့ အာဟာရကို ဘေဘီလေး ရမှာပါ။

 

၆ လပြည့်ပြီးနောက်ပိုင်းမှာ မိခင်နို့အပြင် ဘေဘီလေးကို အာဟာရဖြည့်နို့ကို ရေကျက်အေးလေးနဲ့ ဖျော်တိုက်တာ၊ ရေကျက်အေးကို ဇွန်းလေးနဲ့ ခွံ့တာမျိုး လုပ်ပေးလို့ရပြီ။ ဒါပေမယ့်လည်း ကလေး အသက် ၁ နှစ် မတိုင်ခင်အထိ ကလေး အဓိကအားထားရမယ့် အာဟာရက မိခင်နို့ပါပဲ။

 

အသက် ၁ နှစ်ပြည့်ပြီဆိုရင်တော့ ကလေးက မိခင်နို့၊ ရေကျက်အေး၊ အာဟာရဖြည့် နို့၊ နွားနို့၊ ဆိတ်နို့ စတာတွေကို သောက်သုံးလို့ရပါပြီ။

 

ဒီအရွယ်မှာ ကလေးကို အချိုရည်တွေ၊ ဆေးဖက်ဝင် ရေနွေးကြမ်းတွေ၊ အသီးဖျော်ရည်တွေ၊ အချိုဖြည့်စွက် ထားတဲ့ ပဲနို့လိုအရာတွေ မတိုက်ပါနဲ့။  ကလေးကို အဝလွန်စေတာ၊ သွားနဲ့ ခံတွင်းပြဿနာတွေ ခံစားရစေနိုင်တာကြောင့်ပါ။

 

၁ နှစ် ကနေ ၂ နှစ်တာ

ဒီကာလမှာ အသင့်တော်ဆုံး သောက်စရာက ရေသန့်သန့်လေးပါ။ ကလေး တော်တော်များများက ရေသောက်ရတာကို မကြိုက်ကြပါဘူး။ ဒီအရွယ်မှာ ကလေးတွေက အချိုရည်၊ အရသာရှိတဲ့ အရည်တွေကိုပဲ သောက်ချင်စိတ် များတတ်ကြပါတယ်။ ဒီတော့ ကလေး ရေသောက်ဖြစ်အောင် အကောင်းဆုံး လုပ်နိုင်မယ့် နည်းလမ်းက ရေဘူးလှလှလေးထဲကို အသီးလေးတွေ စိတ်ထည့်ပြီး ရေထည့် ထားပေးဖို့ပါ။

 

အဆီထုတ်မထားတဲ့ နို့က ဘေဘီလေးတို့အတွက် အသင့်တော်ဆုံးပါ။ အဆီထုတ်မထားတဲ့နို့မှာ ကလေး တစ်ယော်က ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ ကယ်လ်ဆီယမ် ပြည့်ဝစွာပါဝင်နေပါတယ်။ ကလေးကို တစ်နေ့ကို နို့ တစ်ခွက်ကနေ ၃ ခွက်အထိ တိုက်ပေးလို့ရပါတယ်။

 

ဒီအရွယ်မှာလည်း ကလေးကို အချိုရည်တွေ၊ ဆေးဖက်ဝင် ရေနွေးကြမ်းတွေ၊ အသီးဖျော်ရည်တွေ၊ အချိုဖြည့်စွက်ထားတဲ့ ပဲနို့လိုအရာတွေ မတိုက်ပါနဲ့ဦး။  ကလေးကို အဝလွန်စေတာ၊ သွားနဲ့ ခံတွင်း ပြဿနာတွေ ခံစားရစေနိုင်တာကြောင့်ပါ။ ဒါတွေကို အများကြီးသောက်တဲ့အခါ ကလေးက အစာ မစား တာမျိုး ဖြစ်လာစေနိုင်ပါသေးတယ်။

 

ဘေဘီလေးတို့အတွက် အကောင်းဆုံးသောက်စရာ နို့

ကလေးတွေက ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတာဖြစ်ပြီး ဒီကာလမှာ အာဟာရပြည့်ဝမှုက တော်တော် လေး အရေးပါတာပါ။ ကလေးကို အသက် ၁ နှစ် ကနေ ၂ နှစ်အတွင်းမှာ အာဟာရပြည့်ဝတဲ့နို့ကို သေချာလေး တိုက်ကျွေးဖို့ လိုပါမယ်။  ကလေးက နို့သကြားဓာတ် မစုပ်ယူနိုင်တဲ့ ပြဿနာ (lactose intolerance) ရှိမယ်ဆိုရင်တော့ ဆိတ်နို့ တိုက်ပေးလို့ ရပါတယ်။

 

ကလေးကို နို့တိုက်ရမယ်ဆိုတာကြောင့် အာဟာရပြည့်ဝအောင်ဆိုပြီး ပဲနို့၊ မုယောအားဖြည့်သောက်စရာ တွေကိုတော့ မတိုက်စေချင်ပါဘူး။ ဒါတွေက အာဟာရ ပါဝင်မှုထက် သကြားပါဝင်မှု ပိုများနေတာကြောင့် ကလေးကို ချောင်းဆိုးတာကစလို့ သွားပိုးစားတာ၊ အဝလွန်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေဖြစ်စေနိုင်ပါတယ်။

 

အသက် ၁ နှစ်ကျော် ကလေးတစ်ယောက်ကို နေ့စဉ် အာဟာရပြည့်ဝတဲ့ နို့ ၅၀ဝ မီလီလီတာ တိုက်ကျွေး ပေးရပါမယ်။ ဒါမှလည်း ကလေးက အရိုးနဲ့ ကြွက်သားတွေ အကောင်းဆုံး ဖွံ့ဖြိုးမှာပါ။

 

ကလေးငယ်ငယ် သစ်သီးဖျော်ရည် မတိုက်ပါနဲ့ ပြောရတဲ့ အကြောင်းအရင်း

သစ်သီးဖျော်ရည်တွေက ဗီတာမင် C ကြွယ်ဝတာမှန်ပေမယ့် ကလေးအတွက် အရေးပါတဲ့ အာဟာရ ဓာတ်တစ်မျိုးဖြစ်တဲ့ အမျှင်ဓာတ် မပါဝင်ပါဘူး။ သစ်သီးဖျော်ရည်က ၁၀ဝ ရာခိုင်နှုန်း အသီးဖျော်ရည် ဆိုရင်တောင်မှ အချိုပါဝင်မှုက မြင့်ပါတယ်။ ဒီလို အချိုများတဲ့ အစားအစာတွေက ကလေးကို အဝလွန် စေတာ၊ သွားပျက်စီးတာတွေ ဖြစ်စေနိုင်ပါတယ်။

 

ဒါကြောင့် ကလေးကို သစ်သီးဖျော်ရည်တိုက်ချင်တယ်ဆိုရင် ကိုယ်တိုင်သေချာ အသီးစစ်စစ်ကို ကြိတ်ဖျော်ပေးပါ။ သကြားလုံးဝ မထည့်ပါနဲ့။ ဒီ အသီးစစ်စစ် ဖျော်ရည်ကိုလည်း ကလေးကို ၁၂၀ မီလီလီတာကနေ ၁၈၀ မီလီလီတာလောက်ပဲ တိုက်ပါ။

 

ကလေးကို ငယ်စဉ်ကတည်းက ရေသောက်တတ်အောင်၊ အချိုများတာတွေကို သိပ်မစားဖြစ်အောင် သေချာလေး ဂရုစိုက်ပေးတာက ကလေးကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Aye Thi Mon

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်