ခေါင်းအုံးမပါရင် မအိပ်တတ်ဘူးဆိုတာ မေမေ၊ဖေဖေတို့မှာပဲ ဖြစ်တဲ့ခံစားမှုပါ။ မေမေ့ဗိုက်ထဲက အသစ်စက်စက်ထွက်လာတဲ့ ဘေဘီလေးမှာ ဒီခံစားချက်မရှိပါဘူး။ ခေါင်းအုံးဆိုတာ ဘာမှန်းတောင်မသိသေးတဲ့ ကလေးတစ်ယောက်အဖို့ ခေါင်းအုံး မအုံးရတာက ပြဿနာမဟုတ်ပါဘူး။ ခေါင်းအုံး အုံးခိုင်းရင်သာ ပြဿနာဖြစ်မှာပါ။


မွေးကင်းစ ကလေးအရွယ် ခေါင်းအုံးအုံးဖို့လိုလား 


ဘေဘီလေးက မေမေ့ဗိုက်ထဲမှာ ခေါင်းအုံးဆိုတာကို မသိဘဲ ကိုးလလောက်နေလာခဲ့တာပါ။ ဒါကြောင့် ခေါင်းအုံး မပါဘဲအိပ်ရတာက သူတို့လေးတွေကို ထွေထွေထူးထူး ခံစားရစေတာမျိုးမရှိပါဘူး။ မိဘမို့ သားသမီးကို ပြည့်ပြည့်စုံစုံလေးဖြစ်စေချင်တာသိပေမယ့် လသားအရွယ်ကလေးတစ်ယောက်အဖို့ နူးညံ့တဲ့ အခင်းကတင် အဆင်ပြေနေပါပြီ။ ဒါကြောင့် လိုရင်းပြောပြရရင်တော့ ဘေဘီလေးတို့အိပ်စက်မှုအတွက် ခေါင်းအုံးမလိုပါဘူး။


လသားအရွယ်ကလေးကို ဘာကြောင့် ခေါင်းအုံး မအုံးခိုင်းတာလဲ


လသားအရွယ် ကလေးလေးတစ်ယောက်က ခေါင်းနဲ့ လည်ပင်းကို ဟန်ချက်ညီအောင် မထိန်းနိုင်သေးပါဘူး။ ဒီလိုအချိန်မှာ ကလေးရဲ့ အိပ်ရာမှာ လိုအပ်တဲ့အရာကလွဲလို့ ခေါင်းအုံးအပါအဝင်မလိုအပ်တဲ့အရာတွေကို မထားတာက အကောင်းဆုံးပါ။ ကလေးက ကစားစရာကိုမသိသေးသလို၊ ခေါင်းအုံး၊ဖက်လုံး စောင်ဆိုတာကိုလည်း နားမလည်သေးပါဘူး။ ဒါတွေက သူတို့လေးတွေအတွက် သဘောကျစရာမရှိသလို အခန့်မသင့်ရင် ဘေဘီလေးရဲ့ အသက်အန္တရာယ်ကိုတောင် ဒီပစ္စည်းတွေက ထိခိုက်စေနိုင်ပါတယ်။


ခေါင်းအုံးကြောင့် ဘေဘီလေးမှာ ဘာထိခိုက်မှုတွေဖြစ်နိုင်လဲ


ခေါင်းအုံးက ကလေးငယ်ကို ဒီလိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။


ကလေးကိုမွန်းစေနိုင်တယ်

အသက်ရှုကြပ်စေနိုင်တယ်

လသားအရွယ်ကလေးငယ်ရုတ်တရက်သေဆုံးနိုင်ခြေများစေတယ်

ဓာတ်မတည့်မှုတွေဖြစ်စေနိုင်တယ်

ကလေးရဲ့ ကျောရိုးကို ထိခိုက်စေနိုင်တယ်

အိပ်စက်မှုမှာ အနှောင့်အယှက်ဖြစ်စေနိုင်တယ်။


ဘေဘီလေးကို ဘယ်အချိန်မှာ ခေါင်းအုံးနဲ့သိပ်မလဲ


ကလေးကျန်းမာရေးစောင့်ရှောက်ပေးသူတွေကတော့ ကလေးကို အသက် ၂ နှစ်မတိုင်ခင်အထိ  ခေါင်းအုံးနဲ့ မသိပ်တာက အကောင်းဆုံးပါ၊လို့ အကြံပြုထားကြပါတယ်။ ၂ နှစ်အရွယ်မှာ ခေါင်းအုံးနဲ့ သိပ်မယ်ဆိုရင်တောင်မှာ ခေါင်းအုံးက ချည်သားနဲ့ချုပ်ထားတဲ့ခပ်ပါးပါးခေါင်းအုံးကအဆင်ပြေဆုံးပါ။ ကလေးကို လူကြီးခေါင်းအုံးတွေနဲ့လည်း ပေးမအိပ်သင့်ပါဘူး။ ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းအုံး ခပ်သေးသေးလေးက အဆင်ပြေဆုံးဖြစ်မှာပါ။


ကလေးကို ခေါင်းအုံးနဲ့သိပ်တဲ့အချိန်မှာလည်း ကလေးရဲ့ အိပ်စက်မှုအနေအထားကို အမြဲသတိထားပေးပါ။ ကလေးကမှောက်ရက်အနေအထားနဲ့ အိပ်တဲ့အခါ နှာခေါင်းကို ဖိမိနေတာမျိုး မဖြစ်စေဖို့ စောင့်ကြည့်ပေးပါ။ ကလေးရဲ့ အိပ်ရာထဲမှာ မလိုအပ်ဘဲ ခေါင်းအုံးအပိုတွေထားပေးတာ၊ စောင်တွေထားတာ၊ အရုပ်တွေထားတာမျိုးမလုပ်ပါနဲ့။ ကလေးကို အသက်ရှုကြပ်တာ။ မတော်တဆသေဆုံးတာမျိုးတွေဖြစ်စေနိုင်တာကြောင့်ပါ။


ခေါင်းအုံးမှာပါတဲ့ ငှက်မွှေးလိုအရာတွေ၊ ဆီလီကွန်တွေက ကလေးနဲ့ဓာတ်မတည့်တာမျိုးဖြစ်နိုင်သလို ခေါင်းအုံးနဲ့ အိပ်ရာခင်းတွေ အရုပ်တွေမှာ ကပ်ညှိနေတဲ့ ဖုန်မှုန့်တွေ ဘက်တီးရီးယားတွေကလည်း ကလေးရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အသက် ၂ နှစ်မပြည့်ခင်အထိ သန့်ရှင်းနူညံ့တဲ့အခင်း၊ ပုခက်တို့နဲ့ပဲသိပ်ပေးပါ။


ရေးသားသူ -Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”