ငါးစားရင် ဉာဏ်ကောင်းတယ်။ ကလေးကို ဉာဏ်ကောင်းစေချင်လို့ ငါးကျွေးချင်တယ်။ ဘယ်အရွယ်မှာစကျွေးရမှာလဲ။ ငါးဆိုဘယ်ငါးဖြစ်ဖြစ် ကျွေးလို့ရတာလားဆိုပြီး ခေါင်းထဲမှာ အတွေးတွေများနေရတဲ့ မေမေတို့အတွက် ဒီဆောင်းပါးလေးက အဖြေပေးနိုင်မှာပါ။
ကလေးကို ဘယ်အချိန်မှာ ငါးစကျွေးရမလဲ……..
ငါးက ကလေးကို ကျန်းမာဖွံ့ထွားစေမယ့် အစားအစာ တစ်မျိုးပါ။ ကလေးက solid food စစားနိုင်ပြီဆိုတာနဲ့ ငါးစကျွေးလို့ရပါတယ်။ ကလေး ၄ လခွဲလောက်ကနေ ၆ လအတွင်းမှာ စကျွေးလို့ရပါတယ်။ ဒါပေမယ့် ကလေး အာဟာရဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှာတော့ကျွေးသင့်ပါတယ်။ ကလေးမှာ အစားဓာတ်မတည့်တာမျိုးဖြစ်နိုင်ရင် ကလေးကို ထိခိုက်နိုင်တာကြောင့်ပါ။
ငါးက ကလေးကို ဓာတ်မတည့်ဖြစ်စေနိုင်တာလား…..
ငါးက ကလေးကို ဓာတ်မတည့်ဖြစ်စေနိုင်တဲ့ အစားအစာတွေထဲမှာ ထိပ်ဆုံးပါ။ ဒါကြောင့် ကလေးကို ငါးစမကျွေးခင်မှာ အသား၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကျွေးပေးသင့်ပါတယ်။ ငါးက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာဆိုပေမယ့်အရေပြားရောဂါခံစားရဖူးတဲ့ မျိုးရိုးရှိတဲ့ ကလေးတွေ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ အစားဓာတ်မတည့်မှု မျိုးရိုးရှိတဲ့ကလေးငယ်တွေကတော့ ငါးနဲ့ ဓာတ်မတည့်မှုဖြစ်နိုင်ခြေများပါတယ်။ ဒီလိုကလေးတွေကို ငါးကျွေးမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်င်တာ အကောင်းဆုံးပါ။
ဘေဘီလေးကို ဘာလို့ ငါးကျွေးပေးသင့်တာလဲ……
ဘေဘီလေးကို ငါးကျွေးပေးသင့်တယ်လို့ ပြောရတာက ဒီအချက်တွေကြောင့်ပါ။
ဦးနှောက် ဖွံ့ဖြိုးစေနိုင်တယ်
ငါး နဲ့ ပင်လယ်စာတွေမှာပါတဲ့ Omega-3 က ဘေဘီလေးတွေဦးနှောက်ဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ။ တစ်ပတ်ကို ၂ ကြိမ်လောက် ငါးကျွေးပေးတာက ဘေဘီလေးကို ဦးနှောက်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
မျက်စိဖွံ့ဖြိုးစေနိုင်တယ်
လေ့လာမှုတွေအရ ငါး (ပင်လယ်ငါး) စားသုံးမှုက ဘေဘီလေးကို လိုအပ်တဲ့ DHA ပမာဏကို ပြည့်ဝစွာရရှိစေပြီး မျက်လုံးလေးတွေကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်မှာပါ။
ကလေးကို ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်
ငါးမှာပါတဲ့ Omega-3 Fatty Acid က ဘေဘီလေးကို ညဘက်ကောင်းကောင်းအိပ်ပျော်နေစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။
ဒီလောက်တင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ငါးမှာပါတဲ့ Omega-3 ကြောင့် ဘေဘီလေးမှာ အခုလိုအကျိုးကျေးဇူးတွေရရှိစေနိုင်ပါသေးတယ်။
• အာရုံကြောတွေကျန်းမာစေနိုင်တယ်
• ပရိုတင်းလုံလောက်စွာရရှိစေနိုင်တယ်
• အသားအရေကျန်းမာစေနိုင်တယ်
• ဆံသားသန်စွမ်းစေနိုင်တယ်
• အစာစားချင်စိတ်တိုးစေနိုင်တယ်
• သိမြင်မှုစွမ်းရည်တိုးတက်ကောင်းမွန်စေနိုင်တယ်
• ကိုယ်ခံအား ကောင်းစေနိုင်တယ် စတဲ့ အကျိုးကျေးဇူးတွေလည်းရရှိစေနိုင်မှာပါ။
ဘာငါးတွေကျွေးရမလဲ….
ငါးကျွေးရမယ်ဆိုတာနဲ့ ကလေးကို ငါးဆိုတိုင်းကျွေးလို့တော့မဖြစ်ပါဘူး။ ပြဒါးများတဲ့ငါးတွေက ကလေးအတွက်မသင့်တော်ပါဘူး။ နောက်တစ်ချက်က မြနာ်မာနိုင်ငံလိုမျိုးရေချိုသယံဇာတကြွယ်ဝတဲ့ နိုင်ငံမှာ ရေချိုငါးတွေရော ကျွေးလို့ရလားဆိုတဲ့ မေးစရာတစ်ချက်ရှိလာမှာပါ။ ရေချိုငါးတိုင်းကလည်း ဘေဘီလေးနဲ့မသင့်တော်လှပါဘူး။
• တူနာ
• ဆယ်လ်မွန်
• ပုဇွန်
• ငါးကြီးဆီထုတ်ယူလို့ရတဲ့ ပင်လယ်ငါးကြီးတစ်မျိုး
• ဂဏန်း
• ခုံး
• ငါးကြင်း
• ဆာဒင်းငါးနဲ့
• ကျောက်ပုဇွန်တို့ကျွေးပေးလို့ရပါတယ်။
ဘာငါးတွေမကျွေးရဘူးလဲ…..
ငါးတိုင်းမတည့်ပါဘူး။
• ငါးမန်း
• ငါးသေတ္တာ
• မက်ကာရယ်
• ဆူးတောင်ပြာတူနာ
• ငါးတန်လိုမျိုးငါးတွေကိုတော့ ကလေးက မကျွေးသင့်သေးပါဘူး အသက်တစ်နှစ်ကျော်မှ ဖြည်းဖြည်းချင်း စကျွေးပေးတာ အကောင်းဆုံးဖြစ်မှာပါ။
ဘယ်လောက်ပမာဏကျွေးရမလဲ…….
ဘေဘီလေးရဲ့ အသက်အရွယ်အလိုက် စားရမယ့် ငါးပမာဏက ကွာခြားနိုင်ပါတယ်။
• ၄ လခွဲကနေ ၁ နှစ်အထိက အောင်စဝက် (အရွယ်တော် တစ်တုံးစာ)
• ၁ နှစ်ကနေ ၃ နှစ်အထိက တစ်အောင်စ (ခပ်ရွယ်ရွယ်တစ်တုံး)
• ၄ နှစ် ကနေ ၇ နှစ် အထိက နှစ်အောင်စ (ခပ်ရွယ်ရွယ် နှစ်တုံး)
• ၈ နှစ် ကနေ ၁၀ နှစ်က သုံးအောင်စ (ခပ်ရွယ်ရွယ် ၃ တုံးစာ)
• ၁၁ နှစ် အထက်က လေးအောင်စ (ခပ်ရွယ်ရွယ် ၄ တုံးစာ)လောက်ကျွေးပေးရပါမယ်။
အရိုးလေးသေချာနွှင်လို့ ဘေဘီလေးကို ကျန်းမာဖွံ့ထွားစေဖို့ ငါးကျွေးပေးပါလို့ တိုက်တွန်းရင်း…….
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”