ဘေဘီလေးက မတ်တတ်စမ်းပြီး မကြာခင်လမ်းလျှာက်တော့မယ်ထင်တယ်ဆိုရင် ဖေဖေမေမေတွေ စိတ်ထဲမှာတွေးနေမယ့်အကြောင်းက ဘာများဖြစ်မလဲ။ ငါ့သားလေးကိုတော့ဖြင့် ငါ့သမီးလေးကိုတော့ဖြင့် ဖိနပ်လှလှလေးဝယ်ပေးမယ်ဆိုတဲ့ စိတ်ကူးဖြစ်မှာပေါ့။ ဘေဘီလေး လမ်းမလျှောက်တတ်ခင်ကတည်းက ဖိနပ်တွေကို ကြိုကြည့်ထား ကြိုဝယ်ထားတဲ့ ဖေဖေမေမေတွေတောင်ရှိရင်ရှိနေမှာပါ။ ဒီတစ်ခေါက်တော့ လမ်းစလျှောက်မယ့် ဘေဘီလေး အတွက် အသင့်တော်ဆုံးဖြစ်မယ့် ဖိနပ်တစ်ရံကို ဘယ်လိုရွေးကြမလဲဆိုတာ ပြောပြပေးမယ်နော်။

 

ဘေဘီလေးကို ဘယ်အချိန်မှာ ဖိနပ်စဝတ်ပေးမလဲ……

 

ဖိနပ်ဆိုတဲ့အရာက လမ်းလျှောက်တတ်တဲ့အချိန်ရောက်မှလိုအပ်တာပါ။ ဘေဘီလေးကို ငယ်စဉ်မှာ ခြေအိတ်လောက်ပဲ စွတ်ပေးထားခဲ့ကြတာဖြစ်ပြီး လမ်းစလျှောက်မယ့်အချိန် မတ်တတ်စစမ်းချိန်မှ ဝတ်ပေးတာအသင့်တော်ဆုံးပါ။ ဘေဘီလေး အသက် ၁ နှစ်ခွဲလောက်ရောက်မှ ဖိနပ် စဆင်ပေးတာက အဆင်အပြေဆုံးဖြစ်မှာပါ။ ဒါပေမယ့် ဘေဘီလေးတစ်ယောက် နဲ့ တစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုပုံစံချင်းက မတူတော့ အတိအကျတော့ပြောဖို့ခက်ပါမယ်။ ဘေဘီလေး လမ်းစလျှောက်တတ်ချိန်မှာ ဖိနပ် စဆင်တာကတော့ အဆင်အပြေဆုံးဖြစ်မှာပါ။

 

ဘေဘီလေးအတွက် ဖိနပ်ရွေးချယ်မယ်

 

လမ်းလျှောက်တတ်စ ကလေးတစ်ယောက်ကို ဖိနပ်ဝယ်ပေးရတာက ပိုခက်ခဲနိုင်ပါတယ်။ အကြောင်းကတော့ သူတို့လေးတွေက စတင်သင်ယူနေချိန်ဖြစ်တာကြောင့် အကောင်းဆုံးဖြစ်စေဖို့ အစစအရာရာကို ဂရုစိုက်ဖို့လိုပါမယ်။ ဒီတော့ ဘေဘီလေးကို ဖိနပ်ဝယ်ပေးမယ်ဆိုရင် ဒီအချက်လေးတွေကို သေချာလေးဂရုစိုက်ပေးတာ ကောင်းပါမယ်။

 

ဖိနပ်ကို အွန်လိုင်းကမမှာပါနဲ့

 

အခုနောက်ပိုင်းမှာ အွန်လိုင်းကဝယ်တာက တော်တော်လေးခေတ်စားလာပါတယ်။ ဒါက လူကြီးတွေအတွက် ကိစ္စမရှိလှပေမယ့် လမ်းစလျှောက်မယ့် ဘေဘီလေးအတွက် အသင့်တော်ဆုံး ဖိနပ်တစ်ရံဖြစ်ဖို့ကတော့ အသေးစိတ်ဂရုစိုက်ရမယ့် အချက်များစွာရှိတာကြောင့် ဆိုင်ကို ဘေဘီလေးကိုပါ ခေါ်သွားပြီး ဝယ်ပေးပါ။

 

ဖိနပ်ဆိုဒ်က ကြီးတာမယူပါနဲ့

 

ဖိနပ်ဆိုဒ်ကို ကွက်တိဖြစ်နေတာပဲ ယူပေးပါ။ ဖိနပ်ဆိုဒ်ကြီးနေတာက ဘေဘီလေးကို လမ်းလျှောက်ရတာ အခက်အခဲဖြစ်စေနိုင်ပြီး ပင်ပန်းစေနိုင်ပါတယ်။ ဒါ့အပြင် ဆိုဒ်ကြီးနေတဲ့ ဖိနပ်တွေက ကလေးကို ချော်လဲနိုင်ခြေပိုများစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ဖိနပ်ဝယ်ပေးတဲ့အခါ ဆိုဒ်ကွက်တိဖြစ်နေတာကိုရွေးပေးပါ။

 

ဖိနပ်တိုင်းတဲ့အခါ ဘေဘီလေးကို မတ်တတ်ရပ်ခိုင်းပါ

 

ဘေဘီလေးကို ဖိနပ်တိုင်းပေးတဲ့အခါ ထိုင်ခိုင်းပြီးတော့ မတိုင်းပါနဲ့။ ခြေထောက်ရဲ့အရွယ်အစားကို အတိအကျသိရစေဖို့က ဘေဘီလေးကို မတ်တတ်ရပ်ပြီးတိုင်းခိုင်းတာက ပိုအဆင်ပြေပါတယ်။

 

ခြေမအတွက်နေရာပေးပါ

 

ဖိနပ်ဝယ်တဲ့အခါ ခြေထောက်ဆိုဒ်ကိုတိုင်းမယ်ဆိုရင် ကွက်တိဖြစ်တာကိုရွေးဖို့လိုပေမယ့် ဘေဘီလေးရဲ့ ခြေမနေရာကို ကွေးလို့ဆန့်လို့အဆင်ပြေအောင်ထားပေးပါ။ လမ်းလျှောက်တဲ့အခါ ခြေမကို အဓိကအားပြုရတာဖြစ်တာကြောင့် ခြေမကွေးရ ဆန့်ရအဆင်ပြေစေဖို့အတွက် နေရာချောင်ချောင်ချိချိဖြစ်အောင်ဂရုစိုက်ပါ။

 

ဖိနပ်ကို ထိပ်ပိတ်ဖိနပ် ဝယ်ပေးပါ

 

လမ်းလျှောက်သင်စ ဘေဘီလေးမှာ ခလုတ်တိုက်နိုင်ခြေ ထိခိုက်မိနိုင်ခြေက အခြားသူတွေထက် ပိုများပါတယ်။ ဒါကြောင့် ခြေထောက်ထိခိုက်မှုနည်းစေဖို့အတွက် ခြေချောင်းလေးတွေကို ကာကွယ်ပေးနိုင်မယ့် ထိပ်ပိတ်ဖိနပ်ကိုရွေးချယ်ပေးပါ။

 

ပေါ့ပေါ့ပါးပါးဖြစ်တာကိုရွေးပါ

 

လမ်းလျှောက်တတ်စ ကလေးတစ်ယောက်အတွက် လေးလံတဲ့ ဖိနပ်က ဝန်ပိစေနိုင်ပါတယ်။ ဒါကြောင့် လမ်းလျှောက်တတ်စဘေဘီလေးကို ဖိနပ်ဝယ်ပေးတဲ့အခါ ပေါ့ပါးပြီး သက်တောင့်သက်သာရှိတာမျိုးပဲရွေးပါ။

 

သက်တောင့်သက်သာဖြစ်ပါစေ

 

လူကြီးတွေအတွက် ဖိနပ်ရွေးတဲ့အခါ မြဲမြဲမြံမြံရှိစေဖို့အတွက် အောက်ခံကို ခပ်မာမာကို ရွေးချယ်တတ်ကြပေမယ့် ဘေဘီလေးအတွက်ဆိုရင်တော့ ခြေဖဝါးမှာ နင်းရတာ သက်တောင့်သက်သာဖြစ်စေမယ့် အောက်ခံမျိုးကိုပဲရွေးပေးပါ။ အောက်ခံမာမာတွေက ဘေဘီလေးကို လမ်းလျှောက်တဲ့အခါ သက်တောင့်သက်သာ မဖြစ်စေပါဘူး။

ကလေးနေရခက်နေလားကြည့်ပါ

 

ဖိနပ်ဝယ်ပေးပြီးလို့ စီးနေချိန်မှာလည်း ဘေဘီလေး ခြေလှမ်းလှမ်းတာ သက်တောင့်သက်သာ ရှိရဲ့လား၊ အနေရခက်နေတာမျိုး ဖိနပ်ကို ချွတ်ပစ်ချင်နေတာမျိုးတွေရှိလားဆိုတာကိုကြည့်ပါ။

 

ခြေထောက်ကိုပုံမှန်စစ်ဆေးပါ

 

လူကြီးတွေမှာတောင် ဖိနပ်ပေါက်တာဖြစ်နိုင်တယ်ဆိုရင် နုနယ်တဲ့ ဘေဘီလေးရဲ့ ခြေထောက်မှာ ဖိနပ်ကြောင့် ထိခိုက်မှုတစ်စုံတရာရှိနေနိုင်တဲ့အတွက် နေ့တိုင်း ဘေဘီလေးရဲ့ ခြေထောက်ကို သေချာစစ်ဆေးပေးပါ။

 

ကဲ..လမ်းစလျှောက်မယ့် သားသားမီးမီးလေးတွေရဲ့ ခြေလှမ်းတိုင်းလှစေဖို့ အစွမ်းကုန် ကြိုးစားလိုက်ဦးစို့ မေမေဖေဖေတို့ရေ…………………

 

 

ရေးသားသူ Aye Thi Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်