၁၉ မတ်
“နှစ်သင်္ကြန်
ကူးခေတ်ဆော်စီမံ၍
လှူဒါနံ ညောင်ရေပန်းတွေနှင့်
ရေဖျန်းကိုယ်စီခံကြ
စဲမညံ ပွဲတော်တွင်းမှာလ
လဲ့လဲ့ဝင်း မေကညာဖြူတို့နှင့်
ပဏ္ဏာတူ အချစ်စမ်းချိန်မို့ “... ဟူ၍ ရှေးခေတ် မြန်မာစာဆိုကြီး ဦးကြော့က တန်ခူးလကို ဆိုရာတွင် ထည့်သွင်းဆိုခဲ့သည်။ နှစ်သစ်ကူးသည့် အထိမ်းအမှတ်ပွဲတော် သင်္ကြန်သည် နှစ်သက်မြတ်နိုးဖွယ်၊ လေးစားဖွယ် အစဉ်အလာ ထုံးဓလေ့များရှိသကဲ့သို့ တစ်ဖက်တွင် အပျော်အပါးသဘောလည်း ပိုကဲခဲ့သည်ကို ထိုခေတ်ကာလများကတည်းက တွေ့ရှိခဲ့ရသည်။
ဆောင်းအကုန် အချမ်းဓာတ်တို့ တစ်စတစ်စယုတ်လျော့သွားပြီး နောက် နေအပူရှိန်တို့ တဖြည်းဖြည်း မြင့်သထက်မြင့်လာကာ နွေရာသီ၏ သရုပ်သကန်တို့က ပို၍ပို၍ ပီပြင်ထင်ရှားလာခဲ့သည်။ ရွက်ဝါခြွေသည့် နွေလေရူးနှင့်အတူ သင်္ကြန်တေးသံတို့ကလည်း ဟိုမှသည်မှ လွင့်ပျံလာခဲ့သည်။ နွေကျောင်းပိတ်ရက်များကို ဖြတ်သန်းကြရတော့မည့် တက္ကသိုလ် ကျောင်းသူ ကျောင်းသားတို့က သင်္ကြန်အကြိုရေသဘင်ပွဲများကို နိုင်ငံ တစ်နံတစ်လျားမှာ တပျော်တပါး ဆင်နွှဲကြ ကုန်သည်။ ကိုယ့်တိုင်း ကိုယ့်ဌာနီ ကိုယ့်ဒေသအလိုက် သင်္ကြန်ပွဲတော်များ ဆင်နွှဲကြရန် ကြိုတင်ပြင်ဆင်ကြသည့် သတင်းများနှင့်အတူ လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်၊ သဲသောင်ပြင်သင်္ကြန် စသည်တို့ကိုလည်း ထူးထူးခြားခြား ကြားသိလာရသည်။ သင်္ကြန်ကို ငွေကုန်ကြေးကျခံကာ ပျော်လိုသူများအတွက် ဝန်ဆောင်မှုများပေးကာ ရေကစားပျော်ရွှင်နိုင်ကြမည့် မဏ္ဍပ်ကြီးများကို ကျပ်သိန်းရာထောင်ချီ၍ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် ပြင်ဆင်သူတို့လည်း ပြင်ဆင်ကုန်ကြပြီဖြစ်သည်။
မန္တလေး၏သင်္ကြန်ပွဲတော်ကို ဖျော်ဖြေရေးများ ပါဝင်သော ရေကစားမဏ္ဍပ်ကြီးများ၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ၊ မြန်မာ့ရိုးရာအစားအစာ၊ မြန်မာမှုအနုပညာပစ္စည်းများ ရောင်းချခြင်း၊ ရုပ်သေးပွဲ၊ ပိတ်ကားထောင်ရုပ်ရှင်ပွဲ၊ ခြင်းလုံးပွဲများစသည်ဖြင့် နေ့ပွဲ ညပွဲများ ကျင်းပဆင်နွှဲကြမည်ဟု သိရသည်။ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့ ချင်းတွင်းမြစ်သဲသောင်တွင် ကျင်းပမည့် သဲသောင်ပြင်သင်္ကြန်တွင်မူ အရိပ်ရတဲများ၊ သဲပန်းပုရုပ်ကြီးများ၊ လှည်းပွဲမြင်းပွဲ၊ ဆိုင်ကယ် စတန့်ပွဲများ၊ စက်တပ်လေထီးပျံသန်းမှုများ၊ တိုင်းရင်းသားရိုးရာအက ဖျော်ဖြေမှုများ စသည်ဖြင့် ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရသည်။ သင်္ကြန်ပွဲတော်သည် တစ်နှစ်တစ်ခါ ကျင်းပသည့် နှစ်ကူးပွဲတော်ဖြစ်သည့်အလျောက် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ကိုယ့်နည်းကိုယ့်ဟန်အသီးသီးဖြင့် စည်ကားသိုက်မြိုက်စွာ ဆင်နွှဲသွားကြမည်ဟု ယုံကြည်မိသည်။
သတိပြုရမည့်အချက်မှာမူ အပျော်လွန်ကျူးသည့်ပွဲဖြစ်သည့် အလျောက် ဖြစ်ပေါ်လာနိုင်သည့် ဘေးအ္တရာယ်များကို ကြိုတင်မျှော်တွေးတွက်ဆထားကာ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဖြစ်ပေါ်လာပါကလည်း အစီအမံရှိရှိ စနစ်တကျ ကိုင်တွယ်ဖြေရှင်းသွားနိုင်ရေးပင်ဖြစ်သည်။ နှစ်စဉ် ကြုံတွေ့ခဲ့ရဖူးပြီးဖြစ်သော သင်္ကြန်ကာလ အမှုအခင်းတော်တော် များများတို့မှာ အရက်နှင့် မူးယစ်ဆေးဝါးတို့တွင် မြစ်ဖျားခံခြင်းဖြစ်သည့်အလျောက် တရားမဝင်ဆေးဝါးများအပါအဝင် အရက်သေစာနှင့် မူးယစ်ဆေးဝါးတို့ကို ထိထိရောက်ရောက် ကြိုတင်ထိန်းချုပ်ထားနိုင်ခြင်းဖြင့် ပြဿနာများစွာတို့ ပေါ်ပေါက်မလာအောင် တားဆီးထားနိုင်မည် ဖြစ်သည်။ တစ်ဖက်တွင်လည်း ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ ထိန်းသိမ်း မြှင့်တင်ရန် အသိပညာပေးခြင်း၊ သတိပေးလှုံ့ဆော်ခြင်းတို့ဖြင့် ရိုးရာသင်္ကြန်၏ ပုံရိပ်တို့ မြင့်မားလာစေရေး ဆောင်ရွက်ပေးကာ မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလ ဘေးအ္တရာယ်ကင်းဝေးလုံခြုံရေးနှင့် ပျော်ရွှင်အေးချမ်းစွာ ရေကစားနိုင်ရေးတို့အတွက် စီမံဆောင်ရွက်ကြရပါမည့် အကြောင်း။ ။
မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)