၂၈ ဇန်နဝါရီ
ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသည့် အစားအစာများအား ဝယ်ယူ စားသုံးနိုင်မှသာ ပြည်သူများ အသက်ရှည်ကျန်းမာမှုကို ဖြစ်စေမည်ဖြစ်သည်။ ဤတွင် မြန်မာပြည်သူများ စားသောက်နေထိုင်မှုဘဝနှင့် စိုက်ပျိုးထုတ်လုပ်သူများ လုပ်ကိုင်ဆောင်ရွက်ရမှု အခြေအနေများ ဟန်ချက်မျှတမှုရှိစေရေး လိုအပ်ပေသည်။ လက်ရှိအနေအထားတွင် ပြည်သူများအတွက် ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသည့် အစားအစာများအနက် စံချိန်စံဝန်းမီသည့် အော်ဂဲနစ်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးမှာ အထူးလိုအပ်လာသည်။
အမှန်တကယ် မြန်မာပြည်သူတို့၏ လူနေမှုဘဝအခြေအနေအရ ကျန်းမာရေးနှင့်ညီညွတ်သည့် အော်ဂဲနစဲ သီနှံ ယဉ်ကျေးမှုအခြေအနေနှင့် မနီးစပ်သေးဟုဆိုနိုင်သည် ။ ။ ပြည်သူများအနေဖြင့် မိမိတို့ရရှိသော ဝင်ငွေနှင့် သင့်တင့်မျှတသော အသီးအနှံများကို လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်သည့် အခြေအနေတွင်သာ ရှိနေသေးသည်။ အော်ဂဲနစ်သီးနံများမှာ ကျန်းမာရေးနှင့် ညီညွတ်သည်ဆိုသော်လည်း သီးနှံဈေးနှုန်းနှင့် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးထုတ်လုပ်နိုင်မှု လိုအပ်ချက်များရှိနေသေးသည်။
ယခုအခါ စိုက်ပျိုးရေးလုပ်ငန်းများကို အော်ဂဲနစ်ဖြင့်ဆောင်ရွက်ရာတွင် သိရှိလိုက်နာအပ်သည်တို့နှင့် အော်ဂဲနစ်အသိအမှတ်ပြု လက်မှတ်လျှောက်ထားရာ၌ အထောက်အကူဖြစ်စေမည့် မြန်မာ အော်ဂဲနစ် စံချိန်စံòန်းများအား အသိပေးကြေညာခြင်းတို့ကို ဆောင်ရွက်လာသည်။ ထို့အပြင် အော်ဂဲနစ်သီးနှံစိုက်ပျိုးထုတ်လုပ်နိုင် ရေးအပေါ် ပူးပေါင်းပါဝင်အားပေးမှုများကို ဝမ်းမြောက်ဖွယ် မြင်တွေ့ ရသဖြင့် နောင်ကာလများတွင် အော်ဂဲနစ်သီးနှံယဉ်ကျေးမှု ထွန်းကား လာတော့မည်ဟု ယုံကြည်ပါသည်။
အော်ဂဲနစ်သီးနှံစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ဖောက်ကားမှုများမှာ နိုင်ငံတကာတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းနေသည်။ ထို့ကြောင့် အာဆီယံအော်ဂဲနစ် စံချိန်စံòန်းများကိုအခြေခံပြီး မြန်မာနိုင်ငံ၏ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများနှင့် ကိုက်ညီမှုရှိစေရန် မြန်မာအော်ဂဲနစ်စံချိန်စံòန်းကို ရေးဆွဲဆောင်ရွက်ခြင်းဖြစ်သည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန စိုက်ကွင်းတွင် စီးပွားဖြစ်အော်ဂဲနစ် ဟင်းသီးဟင်းရွက်စိုက်ခင်းများ၊ တစ်ပိုင်တစ်နိုင် အိမ်ခြံဝင်းစိုက်ခင်းများ၊ မျိုးစေ့ထုတ်စိုက်ခင်းနှင့် နည်းပညာပေးစိုက်ခင်းများကို ပြသထားရာ လေ့လာကြည့်ရှုခြင်း၊ အကူအညီရယူခြင်းတို့ကို ဆောင်ရွက်နိုင်ပြီဖြစ်သည်။
အော်ဂဲနစ်စိုက်ပျိုးရေးစနစ်သည် မြေဆီလွှာ၊ ဂေဟစနစ်နှင့် လူသားများအပါအဝင သက်ရှိများအားမထိခိုက်စေဘဲ ရေရှည်တည်တံ့သည့် စိုက်ပျိုးထုတ်လုပ်မှုစနစ်ဖြစ်သည်။ အော်ဂဲနစ်စိုက်ပျိုးရေးစနစ်၏ အဓိကဆိုလိုရင်းမှာ ပြင်ပသွင်းအားစုများကိုအသုံးပြုခြင်းထက် ဂေဟ စနစ် အစီအမံများအပေါ်တွင်သာ အားထားရန် ဖြစ်သည်။ ဓာတုသွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ၊ တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ ဆေးဝါးများ၊ မျိုးဗီဇပြုပြင် ထားသည့် မျိုးစေ့နှင့်စပ်မျိုးများ၊ တာရှည်ခံဆေးများ၊ အစားအစာ ဖြည့်စွက်ပစ္စည်းများ၊ ဓာတ်ရောင်ခြည် ပြုပြင်ခြင်းများကို ရှောင်ကြဉ်ပြီး ပတ်ဝန်းကျင်နှင့် လူမှုဘဝအပေါ်၌ ဆိုးကျိုးများ မသက်ရောက်စေသည့် စနစ်ဖြစ်သည်။
နိုင်ငံအသီးသီးတွင် စံချိန်စံညွှန်းနှင့်ညီသည့် အော်ဂဲနစ်သီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ပြည်သူများ ယုံကြည်စိတ်ချမှုရှိစွာဖြင့် ဝယ်ယူစားသုံးကြသဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် လူမှုဘဝများကို ပိုင်ဆိုင်နေကြပြီဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအော်ဂဲနစ် စံချိန်စံဝန်းများနှင့်ကိုက်ညီသည့် မြန်မာအော်ဂဲနစ်စံချိန်စံဝန်းများကို စတင်ကျင့်သုံးလိုက်ပြီဖြစ်သည်။ မြန်မာလူမှုအသိုင်းအဝိုင်းအဖို့ အော်ဂဲနစ်သီးနှံ၏ အကျိုးရလဒ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ဝယ်ယူစားသုံးကြဖို့လိုအပ်သည်။
သို့ဖြစ်ရာ အော်ဂဲနစ် ဟင်းသီးဟင်းရွက် သစ်သီးဝလံဆိုသည်မှာ ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော ဘေးကင်းလုံခြုံသည့် သဘာဝအသီးအနှံများဖြစ်၍ စိုက်ပျိုးထုတ်လုပ်သူများလည်း တွက်ခြေကိုက်ပြီး ပြည်သူများလည်း လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်အောင် အသိပညာပေးမှုများနှင့် ကျယ်ပြန့်စွာ ထုတ်လုပ်ရေးကို လက်တွဲပူးပေါင်း တိုးချဲ့ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ