လင်းဆက်ငြိမ်းချမ်း

 

ဘေဂျင်းမြေဈေးက ခေါင်ခိုက်နေအောင် ကြီးသည်။ မြေဈေးက ကြီးလွန်းသဖြင့် လယ်သမားများ ချမ်းသာသွားသည်တဲ့။ နားမလည်သဖြင့် ဘာကြောင့်လဲ ထပ်မေးကြည့်တော့ ဒီလို။ တိန့်ရှောင်ဖိန်လက်ထက် စီးပွားရေးဈေးကွက်ကို ဖွင့်လှစ်လိုက်ပြီးနောက်ပိုင်း ဘေဂျင်း၏ ဖွံ့ဖြိုးမှုမှာ တရိပ်ရိပ် တက်လာခြင်းနှင့်အတူ နေ့စဉ်ဘေဂျင်းသို့ အိပ်မက်များစွာဖြင့် ရွှေ့ပြောင်းလာသူ များလာသလို မြို့ပြချဲ့ထွင်ရမှုသည်လည်း တောက်လျှောက် ဖြစ်သည်။ ထို့ကြောင့် တစ်ချိန်က ဘေဂျင်းမြို့ပြင်ဟု ခေါ်တွင်သော သီးနှံစိုက်ပျိုးရာ လယ်ယာမြေနေရာများသည် လူနေထိုင်ရာ နေရာအဖြစ် အသွင်ပြောင်းလဲခြင်း ဖြစ်လာသည်။

 

လယ်သမားဘဝမှသည် သူဌေးဘဝဆီသို့ နေ့ချင်းရောက်

 

ယင်းသို့သောအခြေအနေတွင် လယ်သမားတို့သည် သူတို့ပိုင်ဆိုင်သည့် လယ်မြေများကို လုပ်ငန်းရှင်များထံ ပျော်ပျော်ပါးပါးကြီး ထိုးအပ်လိုက်ကြသည်။ ထီဆုကြီး ပေါက်လိုက်သလို သူတို့တစ်ခါမှ မမျှော်လင့်ခဲ့ဖူးသော ငွေကြေးများစွာဖြင့် လယ်သမားဘဝမှသည် သူဌေးဘဝ ဆီသို့ နေ့ချင်းရောက်ခဲ့သည်။

 

၂၀၁၀ ပြည့်နှစ်ဝန်းကျင်ကာလက ဘေဂျင်းမြို့ အခြေစိုက် စာနယ်ဇင်းတစ်ခုတွင် သတင်းဆောင်းပါး တစ်ပုဒ် ပါလာသည်။ ထိုဆောင်းပါးမှာ အသက် ၁၀ နှစ်ကျော်ပြီဖြစ်သော ကျောင်းမနေသည့် ကလေးငယ် (ကျား) တစ်ဦး၏အကြောင်း။

 

တရုတ်နိုင်ငံ၏မိသားတစ်စု၊ ကလေးတစ်ယောက်။ ထိုကလေးငယ်မှာ တစ်ဦးတည်းသောသား။ တစ်ဦး တည်းသောသားမို့ မိဘများက အလိုလိုက်သည်။ ထိုကလေးငယ်၏မိဘသည် ယခင်ကလယ်သမားများ ဖြစ်ပြီး မြေရောင်းလိုက်ပြီးနောက် ချမ်းသာလာသူများဖြစ်သည်။ သားက ကျောင်းမနေချင်။ သား၏ဆန္ဒကို မိဘက လိုက်လျောသဖြင့် အိုကေ။ ။

 

မီဒီယာကဘာကြောင့် ကျောင်းမနေတော့တာလဲဟု အဆိုပါကလေးငယ်အား မေးသည်။ ကလေးငယ်က သူနားလည်သလို ပြန်ဖြေသည်။ စာသင်တယ်ဆိုတာ အလုပ်လုပ်ဖို့၊ အလုပ်လုပ်တယ်ဆိုတာ ပိုက်ဆံရဖို့၊ သားကပိုက်ဆံချမ်းသာပြီးသားဆိုတော့ စာသင်စရာ မလိုတော့ဟုဆိုကြောင်း သိရသည်။ ယင်းမှာ ဘေဂျင်းမြို့ မြေဈေးနှင့် နေ့ချင်း ညချင်း ကြီးပွားသွားကြသော လယ်သမားတို့၏ တစ်စိတ်တစ်ဒေသ ဘဝဖြစ်ကြောင်း ၂၀၁၄ ခုနှစ်တုန်းက ကျွန်တော့်မိတ်ဆွေ ဘေဂျင်းသူတစ်ဦး က ပြောပြခဲ့ခြင်းဖြစ်သည်။

 

ယွမ် သိန်း ၄၀ လောက် အောက်ထစ်ရှိ

 

မြေဈေးကကြီးလွန်းလှသဖြင့် အိမ်ဈေးကလည်း ကြီးသည်။ ဘယ်လောက်ထိ ကြီးသလဲဆိုလျှင် ဘေဂျင်းမြို့လယ်ကောင်လို နေရာမျိုး၊ ဘေဂျင်းတက္ကသိုလ်များ ဝန်းကျင် နေရာမျိုးတွင် တိုက်ခန်း အကျယ်အဝန်းအလိုက် ယွမ်သိန်း ၄၀ လောက် အောက်ထစ်ရှိသည်ဟု သိရသည်။

 

ဆင်ခြေဖုံးဒေသများတွင်မူ မြို့ထဲနှင့် ဝေးလျှင် ဝေးသလို တစ်စတုရန်းမီတာလျှင် ယွမ်သုံးသောင်း ဝန်းကျင်။ အိမ်ဈေးမှာ တစ်နှစ်ပြီးတစ်နှစ် တက်လိုက်မည် ဆိုတာချည်း။ ကျွန်တော် အလုပ်လုပ်ခဲ့သည့် ဘေဂျင်း ဆင်ခြေဖုံးဒေသရှိ စီအာရ်အိုင်ရုံးအနီးက မိတ်ဆွေတရုတ်တစ်ဦး ဝယ်ခဲ့သော တိုက်ခန်းဆိုလျှင် ၂၀၁၀ ပြည့်နှစ်တုန်းက တစ်စတုရန်းမီတာလျှင် ယွမ်တစ်သောင်း၊ ၂၀၁၅ ခုနှစ်ရောက်တော့ ယွမ်သုံးသောင်း၊ ၂၀၁၇ ခုနှစ်တွင် ယွမ် ခြောက်သောင်း၊ ၂၀၁၉ ခုနှစ်တွင် ကုန်သွယ်ရေးစစ်ပွဲ ဂယက်ကြောင့် တရုတ်စီးပွားရေး ကျဆင်းနေသဖြင့် ဘေဂျင်းအိမ်ဈေး ပြန်ကျလာနေကြောင်း သိရသည်။ ထားတော့။

 

ဒီလောက်အိမ်ဈေးကြီးတာတောင် တရုတ်နိုင်ငံသားများက ဝယ်ရောဝယ်နိုင်ကြသလားဟူ၍ မေးစရာရှိသည်။ အလုပ်တစ်ခုရှိလျှင် ဝယ်နိုင်တာက သေချာသည်။ အလုပ် ရှိရုံဖြင့် မည်သို့မည်ပုံ ဝယ်နိုင်သလဲဆိုတော့ ဘဏ်ချေးငွေဖြင့် ဝယ်နိုင်ခြင်းဖြစ်သည်။ ကျွန်တော့်မိတ်ဆွေ တရုတ် အမျိုးသမီး တစ်ဦးဆိုလျှင် သူ့အလုပ်အကိုင်မှာ ဂျူနီယာ သတင်းထောက်ဆိုတော့ လစာမှာ လောက်လောက် လားလား ထဲကမဟုတ်။ သို့သော် သူ့တွင် ဘေဂျင်းမြို့ထဲနှင့် ခပ်လှမ်းလှမ်း၌ တိုက်ခန်းတစ်ခန်းပိုင်ပြီး သူ့ယောက်ျား သတင်းထောက်သည်လည်း တိုက်ခန်းတစ်ခန်းပိုင်သဖြင့် နှစ်ခန်းပိုင်မိသားစု ဖြစ်သည်။ သူတို့အလုပ်နှင့် လှမ်းသော တိုက်ခန်းကို ငှားထားပြီး အလုပ်နှင့် နီးသောအခန်းတွင်နေကြသည်။

 

ဘဏ်ချေးငွေဖြင့်ဝယ်

 

သူတို့ဝင်ငွေမျှဖြင့် တိုက်ခန်းနှစ်ခန်း မည်သို့ဝယ်ကြ သနည်း။ ဘဏ်ချေးငွေဖြင့် ဝယ်ခြင်းဖြစ်သည်။ ကျွန်တော့် မိတ်ဆွေဆိုလျှင် နှစ် ၃၀ ဆပ် ဘဏ်ချေးငွေဖြင့်။ တစ်လလျှင် ယွမ် ၄၀၀၀ ခန့် ဘဏ်သို့ ချေးငွေပြန်ဆပ်ရကြောင်း သိရသည်။

 

“ကျွန်မအခန်းကို ပြန်ထားတော့ လစဉ်ဘဏ်ကို ဆပ်ရမယ့်ငွေကို အခန်းငှားခရတဲ့ငွေနဲ့ ပေးလိုက်ရုံပဲ။ ကျွန်မယောက်ျား ဝယ်ထားတဲ့အခန်းအတွက်တော့ဘဏ်ကို လစဉ်ဆပ်ရတယ်”ဟု တရုတ်မိတ်ဆွေက ပြောသည်။

 

သူတို့တိုက်ခန်းများမှာ အထပ်မြင့်များသည်။ အထပ်မြင့်များသို့ ဓာတ်လှေကားရှိသလို ၂၄ နာရီ မီးမပျက်သဖြင့် အမြင့်ဆုံးအခန်းများကို စိတ်ချလက်ချဝယ်ယူနိုင်သည်။ ရောင်းပန်းဝယ်ပန်း ကောင်းသော နေရာများတွင် မြေညီထပ်သည် ဈေးကောင်းပြီး ဆိုင်တစ်ခုခုဖွင့်လှစ်လေ့ ရှိသည်။ မြင်ခဲ့တွေ့ခဲ့သော တိုက်ခန်းအများစုမှာမူ ကျွန်တော်တို့ဆီက မြေညီထပ်များလို အိမ်တိုက်ခန်းမှ ခြေတစ်ဖက် လှမ်းထွက်လိုက်သည်နှင့် မြေကြီးဟူ၍ မရှိ။ မြေညီထပ်လို နေရာမျိုးတွင် ဓာတ်လှေကားရှိခြင်း (သို့မဟုတ်) မြေညီထပ်တိုက်ခန်း တံခါးပေါက်သည် မြေပြင်ဘက်သို့ တိုက်ရိုက်မျက်နှာမူထားခြင်းမျိုး မဟုတ်ဘဲ အဆောက်အဦအတွင်းသို့ မျက်နှာမူထားခြင်း မျိုးဖြစ်သည်။ ယင်းသို့သော တိုက်ခန်းများတွင် အထပ်မြင့်လျှင် မြင့်သလို ဈေးမြင့်လေ့ရှိသည်။

 

သတ်မှတ်ချက်ရှိ

 

ထို့ပြင် သူတို့ဆီက မြေဈေးမှာ ခေါင်ခိုက်နေသော်လည်း တိုက်ခန်းအဆောက်အဦ တစ်ခုနှင့်တစ်ခုအကြား ကပ်မနေသလို တိုက်ခန်းနေထိုင်သူများ အပန်းဖြေနိုင်ရန် နေရာ၊ လေ့ကျင့်ခန်း ပြုလုပ်ရန်နေရာနှင့် ကလေးများ ဆော့ကစားရန်နေရာတို့ ကျယ်ကျယ်ဝန်းဝန်း ရှိသည်။ မြင်ဖူးသော တိုက်ခန်းတိုင်းသည် အသက်ရှူကျပ်မနေသော မြေအကျယ်အဝန်းရှိသဖြင့် တရုတ်မိတ်ဆွေများကို မေးကြည့်တော့ အစိုးရအနေဖြင့် တိုက်ခန်းအရေအတွက် အပေါ်အခြေခံကာ အနားယူအပန်းဖြေစရာ မည်မျှသော မြေပြင်အကျယ်အဝန်း ရှိရမည်ဟု သတ်မှတ်ချက်ရှိကြောင်း သိရသည်။

 

ဘေဂျင်း၏ နောက်ထပ်ထူးခြားချက်မှာ လုံးချင်း အိမ်များ မရှိခြင်းဖြစ်သည်။ ဘေဂျင်းတွင် ကျွန်တော် နေထိုင်ခဲ့သော နှစ်နှစ်သက်တမ်းအတွင်း လုံးချင်းအိမ် တစ်လုံးမျှမတွေ့။ တရုတ်အစိုးရက လူဦးရေများမှုနှင့် မြေဈေးကြီးမှုအရ မြို့ပြင်လို နေရာမျိုး၌သာ မြေကြီးပေါ် လုံးချင်းနေထိုင်လိုသူ သူဌေးများအတွက် လုံးချင်း ဆောက်ခွင့်ပြုထားသည်ဟု သိရသည်။

 

ပြောရလျှင် ဘေဂျင်းတွင် တိုက်ခန်းဈေးကြီးသော်လည်း အလုပ်တစ်ခုရှိလျှင် တိုက်ခန်းတစ်ခန်းပိုင်ဖို့ရာ မခက်။ သို့သော် အလုပ်ရှိသူတိုင်း ဘဏ်ချေးငွေဖြင့်၊ တိုက်ခန်းဝယ်နိုင်တာတော့ မဟုတ်။ အခြားကန့်သတ်ချက် ရှိသေးသည်။ ဘေဂျင်းသည် တရုတ်နိုင်ငံသားတိုင်း နေနိုင်သည့်နေရာမဟုတ်။ ။

 

ကြေးမုံ