၅ ဇန်နဝါရီ
တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ နေထိုင်တဲ့ မြို့ခံတွေကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စတင်ထိုးနှံပေးနေရာ တနင်္လာနေ့မှာတော့ ဆေးထိုးခံမယ့်သူ ထောင်ချီပြီး စီတန်း စောင့်ဆိုင်းနေတာကို တွေ့ရပါတယ်။
တရုတ်နှစ်သစ်ကူး ကာလဖြစ်တဲ့ ဖေဖော်ဝါရီလမှာ ခရီးသွားသူတွေ များလေ့ရှိပါတယ်။ အဲဒီ အချိန်မတိုင်မီ ကာကွယ်ဆေး ထိုးနှံပေးရန် ပြုလုပ်တာ ဖြစ်ပါတယ်။
ဘတ်စ်ကားမောင်းသူတွေနဲ့ ကွန်မြူနတီ ဝန်ထမ်းတွေအပါ လူပေါင်း ၇၃,၀၀၀ ကျော်ကို ပြီးခဲ့တဲ့နှစ်ရက် အတွင်းမှာ ကာကွယ်ဆေး ထိုးနှံပေးပြီးကြောင်း အစိုးရထုတ် သတင်းစာမှာ ပါရှိပါတယ်။ တရုတ် နှစ်သစ်ကူး မတိုင်မီမှာ သန်းပေါင်းများစွာသော နိုင်ငံသားတွေကို ကာကွယ်ဆေး ထိုးပေးရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။
ဘေကျင်းရှိ မြို့လယ်ပန်းခြံ အတွင်းမှာ ယာယီ ကာကွယ်ဆေး ထိုးနှံရေး စခန်းဖွင့်လှစ်ပြီး ဆေးထိုးပေးနေကြောင်း၊ လာရောက် ဆေးထိုးနှံသူတွေဟာ ဆေးထိုး မခံခင်မှာ အွန်လိုင်းကနေ ကျန်းမာရေး အခြေအနေနဲ့ allergies ရှိမရှိ စတာတွေကို အွန်လိုင်းကနေ တင်ပြရန် လိုအပ်ကြောင်း သိရပါတယ်။
တရုတ်ဆေးကုမ္ပဏီကြီးဖြစ်တဲ့ Sinopharm ထုတ် ကာကွယ်ဆေးအား အခြေအနေတစ်ခုအရ အသုံးပြုခွင့်ရှိကြောင်း တာဝန်ရှိသူတွေက ၂၀၂၁ ခုနှစ် နှစ်သစ်ကူး အကြိုနေ့မှာ ကြေညာလိုက်ပါတယ်။ Sinopharm ကုမ္ပဏီက ကာကွယ်ဆေးဟာ ၇၉ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း ကြေညာထားပြီး ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ၊ နိုင်ငံခြားနဲ့ ပတ်သတ်တဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေ အများစု အပါအဝင် လူပေါင်း ၄.၅ သန်းအား ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေး ထိုးနှံပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိတဲ့ တရုတ်နိုင်ငံမှာ ပိုးကူးစက်ခံရသူ စုစုပေါင်း ၈၇,၁၈၃ ဦးနဲ့ သေဆုံးသူ ၄,၆၃၄ ဦးရှိကြောင်း နောက်ဆုံး ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
MDN
ကိုးကား - AFP