ဂျေရုဆလင် နိုဝင်ဘာ ၂၅
လက်ဘနွန်အခြေစိုက် ရှီယိုက်မွတ်စလင်အဖွဲ့ ဟစ်ဇ်ဘိုလာအဖွဲ့က နိုဝင်ဘာ ၂၄ ရက်တွင် အစ္စရေးသို့ ဒုံးကျည်အစင်း ၁၆၀ ခန့် ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးတပ်မတော်က ပြောသည်။ အဆိုပါအဖွဲ့နှင့် အစ္စရေးတပ်မတော်တို့အကြား ပဋိပက္ခ ဖြစ်ပွားမှုမြင့်တက်လျက်ရှိသည်။
ယင်းဒုံးကျည်တိုက်ခိုက်မှုကြောင့် လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်များလည်း ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း အစ္စရေး မီဒီယာများတွင် ဖော်ပြထားသည်။ အစ္စရေးတပ်မတော် က နိုဝင်ဘာ ၂၄ ရက်တွင် လက်ဘနွန်နိုင်ငံ၏ မြို့တော်ဘေရွတ်သို့ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၃ ရက်က ဘေရွတ်မြို့သို့ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတွင် ၂၉ ဦးထက်မနည်း သေဆုံးပြီး ၆၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးအာဏာပိုင်များက ပြောသည်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုများလည်း ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
နိုဝင်ဘာ ၂၄ ရက်တွင် ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်သည် လက်ဘနွန်သို့ သွားရောက်ခဲ့ပြီး လက်ဘနွန် လွှတ်တော်ဥက္ကဋ္ဌ နာဘင်ဘာရီနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ဘော်ရဲလ်က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့်ပတ်သက်ပြီး အမေရိကန်၏ အဆိုပြုချက်ကို လက်ခံရန် အစ္စရေးအစိုးရကို ဖိအားပေးရမည်ဖြစ်ကြောင်းနှင့် ဟစ်ဇ်ဘိုလာကိုလည်း ဖိအားဆက်လက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ