၅ ဩဂုတ်

 

လက်ဘနွန်နိုင်ငံ၏မြို့တော် ဘေရွတ်မြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ဩဂုတ်လ ၄ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားရာ လူပေါင်း ၇၃ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၃၇၀၀မှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ သိုလှောင်ထားသည့် ဓာတုပစ္စည်းများ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း လက်ဘနွန်အစိုးရက ပြောကြားခဲ့သည်။ 

 

ဒေသန္တရမီဒီယာများက ကျန်းမာရေးဝန်ကြီးဌာနသို့ အချက်အလက်များ ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆိုသည်။ 

 

တစ်ခါတစ်ရံပေါက်ကွဲသံများကို ကြားရပြီး အလွန်ကြီးမားသည့် ပေါက်ကွဲမှုကြီးဖြစ်ပေါ်ပြီးနောက် မီးခိုများပေါ်ထွက်လာပြီး နောက်ထပ်ကြီးမားသည့် ပေါက်ကွဲမှုကြီးဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။ 

 

ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်  ဆိပ်ကမ်း၏ ငါးကီလိုမီတာ အကွာအဝေးအတွင်း တည်ရှိသော အဆောက်အဦများသည် တုန်ခါမှုကို ခံစားခဲ့ရပြီး  မြောက်ပိုင်းရှိ ဘေးဘလော့စ်၊ တောင်ပိုင်းဆီဒန်စသည့် မြို့နေပြည်သူများမှလည်း ပြင်းထန်သည့် ပေါက်ကွဲသံကို ကြားခဲ့ရသည်ဟု ဆိုသည်။ 

 

ပေါက်ကွဲမှုကြောင့် ဘေရွတ်မြို့ရှိ နေအိမ်နှင့်လမ်းများ ဆိုးဆိုးဝါးပျက်စီးခဲ့ကြောင်း သိရသည်။ “လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း” အဆိုပါ ဖြစ်ရပ်ကို ကြုံတွေ့ခဲ့သည့် မြို့ခံတစ်ဦးက ဆိုသည်။ အခင်းဖြစ်ပွားနေရာမှ ၁၀ ကီလိုမီတာကျော် အကွာအဝေးရှိ သမ္မတ အိမ်တော် အဆောက်အဦးလည်း ပျက်စီးခဲ့ကြောင်း ဒေသခံမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

 

အခင်းဖြစ်ပွားရာနေရာသို့ အရေးပေါ်ယာဉ် အမြောက်အမြားသွားရောက် ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးခဲ့ပြီး  မီးသတ်ကားအမြောက်အမြားလည်း မီးငြှိမ်းသတ်ပေးခဲ့ကြောင်း နှင့် လက်ဘနွန်စစ်တပ်မှလည်း ရဟတ်ယာဉ်များ စေလွှတ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကနဦး စာရင်းများအရ အခင်းဖြစ်ပွားရာနေရာတွင်  သေဆုံးသူအနည်းဆုံး ၇၃ ဦး ၊ ဒဏ်ရာရသူ ၃,၇၀၀ ဦး ရှိကြောင်း လက်ဘနွန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဟာစန်က ပြောကြားခဲ့သည်။  

 

ဘေရွတ်ဆေးရုံတွင် လူနာများအား လက်ခံကုသနိုင်မှုမှာ  အကန့်အသတ်ရှိသောကြောင့် ဒဏ်ရာရသူများကို အနီးတဝိုက်ဆေးရုံများသို့ ခွဲ၍ ပို့ဆောင်ပေးကြရန်နှင့် ဆေးဝန်ထမ်းများအားလုံး ကယ်ဆယ်ကုသရေးတွင် ပါဝင်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ 

 

လက်ဘနွန်နိုင်ငံ သမ္မတမှ  ညတွင်းချင်း  အရေးပေါ်လုံခြုံရေးအစည်းအဝေးခေါ်ယူခဲ့ပြီး ပေါက်ကွဲမှုနောက်ပိုင်းကိစ္စရပ်များကို ဆောင်ရွက်ရန် စစ်တပ်ကို ညွှန်ကြားခဲ့ပြီး ဒဏ်ရာရသူများကို သက်ဆိုင်ရာဌာနမှ အခမဲ့ကုသပေးရန်၊ နေအိမ်ပျက်စီးသွားသည့်  အိုးမဲ့အိမ်မဲ့ မိသားစုများအား ကူညီထောက်ပံ့မှုပေးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

 

သမ္မတမှ  အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး  သြဂုတ် ၅ ရက်နေ့ကို တစ်နိုင်ငံလုံး အောက်မေ့ဝမ်းနည်းဖွယ်နေ့အဖြစ် ကြေညာခဲ့ပြီး လက်ဘနွန်ကို နိုင်ငံတကာ အသိုက်အဝန်းမှ အကူအညီပေးရန် တောင်းခံခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် အခင်းဖြစ်ပွားရာနေရာ၏ အသေးစိတ်အခြေအနေကို မသိရသေးပေ။

 

လက်ဘနွန် မီဒီယာများ၏သတင်းအရ ဆိပ်ကမ်းရှိ သိုလှောင်ရုံတစ်ခု မီးလောင်ရာမှ အကြီးစားပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 

ကိုကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်