mdn

ရန်ကုန် ၁၉ အောက်တိုဘာ

 

နှင်းဆီရင်ခွင် လူမှုဖောင်ဒေးရှင်းအဖွဲ့က ဘေးသင့်ဒေသများရှိ ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ လာရောက်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူခဲ့သည်။

 

ရှေးဦးစွာ နှင်းဆီရင်ခွင် လူမှုဖောင်ဒေးရှင်းအဖွဲ့မှ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က ဘေးသင့်ဒေသများရှိ ပြည်သူများအတွက် အလှူငွေနှင့်ပစ္စည်းများ လာရောက်လှူဒါန်းရခြင်းကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေးအန္တရာယ် ကျရောက်ခံစားခဲ့ရသော ဒေသများအတွင်းရှိ ဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း အဖွဲ့သားများက ငွေကျပ်သိန်း (၅၀၀)နှင့် ငွေကျပ်(၉၈)သိန်းတန်ဖိုးရှိ စားသောက်ကုန် (၁၅)မျိုးကို လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဘေးသင့်ဒေသရှိ ပြည်သူများအတွက် ကူညီထောက်ပံ့မှုများကို အစိုးရ၏ခွဲဝေရရှိသော ဘဏ္ဍာငွေများအပြင် ပြည်သူများ၏ အချင်းချင်းစာနာထောက်ထားမှုများဖြင့် လာရောက်လှူဒါန်းမှုများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေသို့ တိုက်ရိုက်ထည့်သွင်း၍ စနစ်တကျစီမံခန့်ခွဲ၍ စိစစ်သုံးစွဲပါကြောင်း၊ ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ ဖွဲ့စည်းထားပြီး ဘေးသင့်ဒေသများအတွက် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြန်နိုင်သမျှမြန်အောင် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ယနေ့အနုပညာရှင်များ၏ လာရောက်လှူဒါန်းမှုများသည် ပြည်သူများအတွက် တိုက်ရိုက်အကျိုးရှိပါကြောင်း ကျေးဇူးတင်စကားပြောကြားသည်။

 

သတင်းစဉ်