ရန်ကုန် ၂၇ အောက်တိုဘာ
နိုင်ငံလုံးဆိုင်ရာ ဘဟာအီ သာသနာအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ဘဟာအီ သာသနာဘာဗ်ဘုရားရှင်၏ ဖွားသန့်စင်တော်မူသောနေ့ နှစ်(၂၀ဝ)ပြည့် အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာတေးသံရှင် ဒါရိုက်တာဦးအောင်ကိုလတ်က အလုံးစုံသော အခက်အခဲများကို ဖယ်ရှားပေးရန် ဘာဗ်ဘုရားရှင်၏ဆုတောင်းကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် အဖွင့်ဆုတောင်းသီချင်းသီဆိုသည်။
ထို့နောက် ဘဟာအီသာသနာဝင်များက ကမ္ဘာ့ငြိမ်းချမ်းရေးဆုတောင်း၊ ထာဝရ ဘုရားသခင်၏ ကျေးဇူးတော်မစခြင်းဂုဏ်တော်ကို ချီးမွမ်းထော်ပနာပြုခြင်းနှင့် နှုတ်ကပါတ်တော်များကို ရွတ်ဆိုဆုတောင်းပေးကြသည်။
ယင်းနောက် နိုင်ငံလုံးဆိုင်ရာ ဘဟာအီသာသနာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ကြိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဂုဏ်ပြုချီးမြှင့်စကားပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး မစ္စတာ ရိုနန်ဂေလာ တို့က ဂုဏ်ပြုချီးမြှင့် စကားများပြောကြားကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ဘဟာအီသာသနာအကြောင်းအကျဉ်းချုပ် ဗီဒီယိုဖိုင်ကို တင်ဆက် ပြသပြီး ဘဟာအီသာသနာတိုက်ကြီးများဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးမြင့်ဇော်ဦးက ဘဟာအီသာသနာအမြွှာအလင်းတော်ရအရှင်မြတ်များ၏ ဖွားသန့်စင်တော်မူသောနေ့ အကြောင်းကိုပြောကြားပြီး နိုင်ငံလုံးဆိုင်ရာ ဘဟာအီသာသနာအဖွဲ့ချုပ်အတွင်းရေးမှူး ဒေါ်ဇာခြည်ဖြိုးဝင့်က ကျေးဇူးတင်စကားပြောကြားသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းမေတ္တာအဖွဲ့တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များနှင့် သာသနာဝင်များ၊ စာပေနှင့်အနုပညာနယ်ပယ်တို့မှ အသိပညာရှင် အတတ်ပညာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


