ဝါရှင်တန် မေ ၁၀
မိုက်ခရိုဆော့ဖ်ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်က လာမည့်နှစ်ပေါင်း ၂၀ အတွင်း သူ၏ ပိုင်ဆိုင်မှုအားလုံးနီးပါးဖြစ်သည့် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
လှူဒါန်းမည့်ငွေပမာဏ အတိအကျသည် စျေးကွက်နှင့်ငွေကြေးဖောင်းပွမှုပေါ်တွင် မူတည်မည်ဖြစ်သော်လည်း ဂိတ်ဖောင်ဒေးရှင်း၏ လုပ်ငန်းရပ်ဆိုင်းသည့်အချိန် ၂၀၄၅ ခုနှစ်တွင် ဒေါ်လာဘီလီယံ ၂၀၀ ကျော်ရှိလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဘီလ်ဂိတ်က ပြောကြားသည်။
အဆိုပါငွေများကို အာဟာရချို့တဲ့မှုကြောင့် မိခင်နှင့်ကလေး သေဆုံးမှုလျော့နည်းစေရန်၊ ကူးစက်ရောဂါများကာကွယ်ရန်နှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
လွန်ခဲ့သည့် ၂၅ နှစ်အတွင်း ၎င်း၏ဖောင်ဒေးရှင်းသည် ဒေါ်လာဘီလီယံ ၁၀၀ ကျော်ရှိခဲ့သော်လည်း လာမည့်ဆယ်စုနှစ်နှစ်ခုတွင် နှစ်ဆတိုးလာမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများ သည် ၎င်းတို့၏ အကူအညီဘတ်ဂျက်များကို ဖြတ်တောက်လျက်ရှိကြောင်း ၎င်းကမှတ်ချက်ပြုပြောကြားသည်။
ကမ္ဘာ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက်များသည် ၎င်းတို့လုပ်နိုင်သည်ထက် ပိုမိုများပြားစွာ ရှိနေသေးသော်လည်း တတ်စွမ်းသမျှ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း အေပီသတင်း အေဂျင်စီနှင့် အင်တာဗျူးတစ်ခုတွင် ဘီလ်ဂိတ်က ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - အောင်ကျော်ကျော်