ဘီးလင်း ၉ ဇန်နဝါရီ
မွန်ပြည်နယ် ဘီးလင်းမြို့၌ ဇန်နဝါရီ ၈ ရက် ညနေ ၄ နာရီခန့်က ကားပေါ်မှ အင်ဂျင်တုံးအား ကရိန်းယာဉ်ဖြင့် ရွှေ့ပြောင်းစဉ် ကရိန်းမောင်းတံမှာ မီးကြိုးနှင့် ထိမိ၍ ဓါတ်လိုက်ပြီး လူတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့ ကန်သာယာရပ်ကွက်ရှိ မော်လမြိုင်ထမင်းဆိုင်ရှေ့လမ်းတစ်ဖက်တွင် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးဘေး၌ ရပ်တန့်ထားသော YGN 2G/----- ISUZU အဖြူရောင် ၆ဘီး ယာဉ်ပေါ်ရှိ ရေစုပ်စက်လုပ်ငန်းတွင် အသုံးပြုသော အင်ဂျင်တုံးမှာ ပြုတ်ကျလုနီးနီး ဖြစ်နေသောကြောင့် ဟိန်းခမ်းကုမ္မဏီပိုင် ယာဉ်အမှတ် YGN 2C/------ NISSAN အမျိုးအစား အပြာရောင် ကရိန်းယာဉ်က ဘေးခြင်းကပ်ရပ်ပြီး ကရိန်းယာဉ်မောင်းဖြစ်သူ ဦးဇော်မိုး (၃၆ နှစ်) ကန်သာယာ ရပ်ကွက်၊ ဘီးလင်းမြို့နေသူသည် ယာဉ်နောက်ဘက်ရှိ ကရိန်းရွှေ့လျှား သံထည်မောင်းတံအား မောင်းနှင်၍ အင်ဂျင်တုံးအား ကရိန်းယာဉ်ပေါ်သို့ ရွှေ့ပြောင်းပြီး ကရိန်း အထုတ်အသွင်း သံတိုင်အား ပြန်ရုပ်သိမ်းစဉ် အမြင့်ပေ ၂၀ ခန့်ရှိသော ဓါတ်ကြိုးနှင့် ထိမိ၍ ဓာတ်လိုက်ပြီး မြေပြင်သို့ လဲကျခဲ့ကြောင်း သိရသည်။
၎င်းအပြင် ပစ္စည်းရွှေ့ပြောင်းကူညီသူ ဦးရှောင်ဝမ်း (အသက်-၃၂ နှစ်၊ ရွှေညောင်မြို့နယ်) နှင့် ဦးစောရင်ကြူ (၄၈နှစ်) ဘီးလင်းမြို့နယ်နေသူတို့သည် ဓာတ်လိုက်၍ အဖြူရောင် ၆ ဘီး ISUZU ယာဉ်ပေါ်၌ လည်းကောင်း၊ ကရိန်းယာဉ်နောက်တွင် နောက်တံခါးကို ကိုင်၍ ရပ်နေသော ဦးကိုမောင် ( (၄၄ နှစ်)ဘီးလင်းမြို့နယ်)သည် မြေပြင်၌၎င်း ဓါတ်လိုက်၍ လဲကျ ဒဏ်ရာများရရှိသွားကြောင်း သိရှိရပြီး လူနာများကို ဘီးလင်းဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် ယာဉ်မောင်းဖြစ်သူ ဦးဇော်မိုးမှာ ဝဲဘက်လက်ညှိုး အပူလောင်ကြွမ်းဒဏ်ရာဖြင့် ဓါတ်လိုက်သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့မရဲစခန်း(ဘီးလင်း)မှ အမူဖွင့် စစ်ဆေး ဆောင်ရွက်ထားကြောင်း သိရသည်။
ခွန်(ဝင်းပ)