ဘီးလင်း ဇူလိုင် ၂၄
သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအုပ်စု၊ ဇုတ်သုတ်ကျေးရွာတွင် ဇူလိုင်၂၃က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ဇုတ်သုတ်ကျေးရွာတောင်ပိုင်းတွင် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းအိမ် (၆)လုံး၊ အုတ်ခင်း၊ အုတ်ကာ၊ သွပ်မိုးအိမ် (၁)လုံး၊ ဖက်မိုး၊ ဖက်ကာ၊ ဝါးခင်းအိမ် (၁)လုံးတို့ အမိုးလန်ခြင်း၊ ဖက်မိုး၊ ထရံကာ၊ ပျဉ်ခင်း အိမ်(၁) လုံးနှင့် ဖက်မိုး၊ ထရံကာ၊ ဝါးခင်း အိမ်(၁)လုံး ပြိုလဲခြင်း၊ ဖက်မိုး၊ ဖက်ကာ၊ ဝါးခင်းအိမ် (၁)လုံး နောက်ဖေး ခြမ်းပြိုလဲခြင်း၊ အုတ်ကာ၊ အုတ်ခင်း၊ သွပ်မိုးအိမ်(၁)လုံး အိမ်ရှေ့ခြမ်းပြိုလဲခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အလားတူ အနိုင်းပွန်ကျေးရွာအုပ်စု၊ သစ်တိုကျွန်းကျေးရွာတွင် ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုးအိမ်(၃)လုံး၊ ပျဉ်ထောင်၊ ထရံကာ၊ ဖက်မိုးအိမ်(၁)လုံးတို့မှာ အမိုးလန်ခြင်း၊ ပျဉ်ခင်း၊ ထရံကာ၊ ဖက်မိုးအိမ်(၁)လုံးနှင့် သွပ်မိုး၊ ပျဉ်ခင်း၊ ဖက်ကာအိမ်(၁)လုံးတို့ ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေဘေးသင့်အိမ်ထောင်စု (၁၈) စု၊ မိသားစုဝင် (၈၀)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်သော မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့များမှ နီးစပ်ရာဆွေမျိုးများ နေအိမ်သို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး နေအိမ်ပျက်စီးမှုများအား အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထူးနောင်(ပြန်/ဆက်)


