ရန်ကုန်  ၁  ဒီဇင်ဘာ

 

ဗဟိုအဆင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကို (၁.၁၂.၂၀၁၉) ရက်နေ့တွင်ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမတွင် ပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနား ယခုလို ကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်များမှာ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေအား ပြည်သူကို အသိပေးပြီး မပေါ့ဆရန် အသိပေးပြောကြားရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လုပ်ဆောင်မှုများကို အသိပေးရှင်းလင်း တင်ပြရန်ဖြစ်ပါကြောင်း၊

 

ယခုနှစ်ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်တဲ့ “Communities make the difference” “အေအိုင်ဒီအက်စ်ရောဂါ ကင်းဝေးရေး လူထုအားလုံး ပါဝင်ပေး” ဆိုသည်နှင့်အညီ အိပ်ချ်အိုင်ဗွီကူးစက်မှု တားဆီးကာကွယ်ရေးနဲ့ တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အမျိုးသမီးတွေ၊ လူငယ်တွေ၊ လူထုကျန်းမာရေးလုပ်သားတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေအပြင် အထူးသဖြင့် ပြည်သူတွေပါဝင်ဆောင်ရွက်မှု လုပ်ငန်းများ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူများမပါဝင်လျင် မည်သည့်ကျန်းမာရေး လုပ်ငန်းမှ ထိရောက် အောင်မြင်နိုင် မည်မဟုတ်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိတို့ကမည်ကဲ့သို့ ပါဝင်ရမည်၊ မည်ကဲ့သို့ပံ့ပိုးဆောင်ရွက်ရမည်ကို သိရှိနိုင်ရန်ယခုကဲ့သို့ အခမ်းအနားလုပ်ရခြင်း ဖြစ်ပါကြောင်း၊

 

ပြည်သူများသာမက NGO များ၊အရပ်ဘက်အဖွဲ့အစည်းများ၊ INGO များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ အနေဖြင့်လည်း မိမိတို့က ဘာတွေလုပ်ရမည် ဘယ်လိုကုရမည်ကို သိရှိရန် လိုအပ်ပါကြောင်း၊

 

ဒီလိုအခမ်းအနားမျိုးကို ဗဟိုအဆင့်၌သာမက တိုင်းဒေသကြီး/ပြည်နယ်များ၊ ခရိုင်/ မြို့နယ်များ အားလုံးတွင် ကျင်းပရမည်ဖြစ်ပြီး၊ သို့မှသာ ပိုမိုအကျိုးရှိ ထိရောက်မည် ဖြစ်ပါကြောင်း၊ အခြေခံ ကျန်းမာရေးဝန်ထမ်း ပညာရှင်များ အနေဖြင့်လည်း ဝန်ကြီးဌာနမှဖြန့်ဝေထားသော Tablet ဖုန်းများကို အသုံးပြု၍ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူများနှင့် ကျန်းမာရေးစကားဝိုင်းငယ်များ ပြုလုပ်ကာ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် အကြောင်း ပညာပေးဟောပြောမှုများ မကြာခဏ ပိုမိုပြုလုပ်ရမည် ဖြစ်ပါကြောင်း၊

 

အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါသည် လူမှုရေး၊ စီးပွားရေးနှင့် နှီးနွယ်သည့် အချက်အလက် အကြောင်းအရာများ၊ လူငယ်များ၏ အသိအမြင်နှင့်ခံယူချက်၊ ပြည်သူများ၏ ရောဂါနှင့် ပတ်သက်သော အသိပညာဗဟုသုတများနှင့် များစွားဆက်စပ်နှီးနွယ်နေသောကြောင့် ကျွမ်းကျင်မှု နှင့် အတတ်ပညာဆိုင်ရာ ချဉ်းကပ်ဆောင်ရွက်မှု တစ်ခုတည်းဖြင့် မလုံလောက်ပါကြောင်း၊ ဤရောဂါသည် လူမှုရေးနှင့် များစွာဆက်စပ်နေသောရောဂါ (social disease) တစ်မျိုး ဖြစ်ကြောင်း စီမံချက်မန်နေဂျာ အပါအဝင် သက်ဆိုင်သူ အားလုံးသိရှိရန် အထူးအရေးကြီးပါကြောင်း၊

 

ဒီနေ့လို အခမ်းအနားပြီးစီးသွားပါက တစ်ဦးချင်း၊ NGO များ၊ INGO များ၊ ပြည်သူလူထု အခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၊ တစ်ဖွဲ့ချင်းစီက မိမိတို့ ဘာဆက်လုပ်သင့်သည်၊ ဘယ်လိုလုပ်သင့်သည်၊ မိမိတို့၏ခံယူချက်၊ အသိအမြင်မှန်မမှန်၊ မိမိတို့၏ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေများကို ဘာတွေပြော သင့်သည်၊ ပြောရမည်တို့ကို စဉ်းစားသုံးသပ် လုပ်ဆောင်ရန် အရေးကြီးပါကြောင်း၊

 

သို့မှသာ ယခုလို အခမ်းအနားကြီး ကျင်းပရခြင်းသည် ကုန်ကျရသောငွေ၊ အချိန်များနှင့် ထိုက်တန်သော အကျိုးရှိထိရောက်မှု (Cost effective and time efficient) ဖြစ်မည် ဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသော အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် စီမံချက်မှ စီမံချက်မန်နေဂျာများအားလုံးကိုလည်း အထူးကျေးဇူးတင်ပါကြောင်း၊

 

ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်အနေဖြင့်လည်း မိမိတို့၏ ဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ပြီး ထူးခြားဆန်းသစ်သော အတွေးအခေါ် ဆောင်ရွက်မှုများ (Out of the box thinking၊ innovative thinking) ဖြင့် ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များကို ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက်နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါ ကာကွယ်ရေးနှင့် ပြုစုကုသစောင့်ရှောက်ရေး လုပ်ငန်းများကို ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း {National Strategic Plan for HIV/AIDS (2016-20)} နဲ့အညီ ဆောင်ရွက်လျက်ရှိပြီး (၂၀၂၁-၂၀၂၅) အတွက်လည်း ရေးဆွဲလျက်ရှိပါကြောင်း၊

 

ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းကို အမျိုးသားရေးအသွင်ဖြင့် ကြိုးပမ်းအကောင်အထည်ဖေါ် ဆောင်ရွက်လျက် ရှိပြီးအိပ်ချ်အိုင်ဗွီ ပညာပေးလုပ်ငန်း၊ အခမဲ့ကွန်ဒုံးဖြန့်ဝေပေးခြင်းလုပ်ငန်း၊ ကာလသား ရောဂါရှိ/မရှိ စမ်းသပ်စစ်ဆေးပြီး ကုသပေးခြင်းလုပ်ငန်း၊ မူးယစ်ဆေး အကြောထဲထိုးသွင်းသူများကြား အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရမှု အန္တရာယ်လျှော့ချရေး လုပ်ငန်း၊ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရခြင်းရှိ/ မရှိသွေးစစ်ဆေးခြင်းလုပ်ငန်း၊ မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီပိုးကူးစက်မှုမှ ကာကွယ်ရေးလုပ်ငန်း (PMTCT)၊ အေအာတီဆေးဖြင့်ကုသခြင်း (Antiretroviral Therapy) လုပ်ငန်းများကို တစ်နိုင်ငံလုံး လွှမ်းခြုံမှု ရရှိအောင်တိုးချဲ့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးဗဟုသုတနည်းပါးခြင်း၊ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ကာကွယ်ရေး လုပ်ငန်းများ လက်လှမ်းမီမရရှိခြင်း၊ မူးယစ်ဆေး ထိုးသွင်းသူများ၊ အမျိုးသမီးလိင်လုပ်သားများနှင့် အမျိုးသားချင်းလိင်တူဆက်ဆံသူများ၊ အကျဉ်းကျနေသူများ၊ ရွှေ့ပြောင်းလုပ်သားများ အပါအဝင် ဦးစားပေးအုပ်စုများအတွင်း အိပ်ချ်အိုင်ဗွီပိုး ကူးစက်ရန် အန္တရာယ်ရှိသော အပြုအမူများပြုလုပ်ခြင်းတို့ကြောင့် ၎င်းလူအုပ်စု များအတွင်း အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရမှု မြင့်မားခဲ့ပါကြောင်း၊

 

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၁၈ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း အိပ်ချ်အိုင်ဗွီ ပိုးကူးစက်ခံနေရသူ ဦးရေ (၂၃၇,ဝ၀ဝ) ခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်းမှာ (ဝ.၅၇%) ရှိကြောင်း ခန့်မှန်းတွက်ချက်မှုအရ သိရှိရပါကြောင်း၊ အလားတူအိပ်ချ်အိုင်ဗွီရောဂါအသစ် ကူးစက်ခံရမှုဟာ ၂၀ဝ၀ ခုနှစ်မှာ (၂၉,ဝ၀ဝ) ခန့်နဲ့အမြင့်ဆုံးဖြစ်ခဲ့ပြီး  (၂၀၁၈)ခုနှစ်မှာ (၁၀,ဝ၀ဝ) ကျော်အထိ ကျဆင်းလာ ခဲ့ပါကြောင်း၊ ရောဂါပိုး အသစ်ကူးစက်ခံရမှုစုစုပေါင်း၏ (၇၀ရာခိုင်နှုန်း)ကျော်ဟာ မူးယစ်ဆေးထိုးသွင်းသူများ (PWID)၊ အမျိုးသမီးလိင်လုပ်သားများ (FSW)နှင့် အမျိုးသားချင်း လိင်တူဆက်ဆံသူများ (MSM) စတဲ့ အန္တရာယ်ရှိသော ဦးတည် အုပ်စုများအတွင်းဖြစ်နေတာကို တွေ့ရှိရပါကြောင်း၊ အဆိုပါ ဦးတည်အုပ်စုများကို ဦးစားပေးအလေးထား၍ ရောဂါကာကွယ် ကုသရေး လုပ်ငန်းများအား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အိပ်ချ်အိုင်ဗွီပိုးအသစ်ကူးစက်ခံရမှု ဟာ တစ်နိုင်ငံလုံးတစ်ပြေးညီ ဖြစ်ပွားနေတာမဟုတ် ဘဲကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အမြင့်မားဆုံး ဖြစ်ကြောင်း ခန့်မှန်းတွက်ချက်မှုများအ ရတွေ့ရှိရပါကြောင်း၊ ဒီအချက်ကို မိမိတို့ အထူးသတိပြုရမည် ဖြစ်ပါကြောင်း၊

 

၂၀၁၅ ခုနှစ် အစမှာအိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူ(၂) သိန်းကျော်အနက် လူနာ(၈)သောင်း (၅) ထောင်ကျော်ကိုသာ ဘဝတစ်သက်တာ သောက်ရမည့် အေအာတီဆေး (Lifelong ART) ဖြင့် ကုသမှုပေးနိုင်ခဲ့ရာမှ ၂၀၁၉ ခုနှစ်စက်တင်ဘာလမှာ လူနာပေါင်း (၁)သိန်း(၇)သောင်း (၅) ထောင်ကျော် (၂) ဆ ကျော်ထိ တိုးမြှင့်ကုသမှုပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊

 

၂၀၁၉ ခုနှစ် စက်တင်ဘာလ ကုန်အထိ လူနာပေါင်း (၁၃၀,ဝ၀ဝ) ကျော်ကို အစိုးရ ကျန်းမာရေး ဌာနများတွင် ကုသမှုပေးလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ၏ ဆေးခန်းများတွင် ကုသမှုခံယူနေသူများကိုလည်း တဖြည်းဖြည်းလွှဲပြောင်း လက်ခံရယူပြီး ကုသပေးနေပြီ ဖြစ်ပါကြောင်း၊ အေအာတီဆေး တိုက်ကျွေးကုသခြင်း အိပ်ချ်အိုင်ဗွီ ကူးစက်နေတဲ့ လူနာများကို ဘဝအရည်အသွေးပြည့်ဝစွာဖြင့် နေနိုင်စေရုံသာမက အိပ်ချ်အိုင်ဗွီပိုးကူးစက်ပြန့်ပွားမှု ကိုလည်း ကာကွယ်မှုပေးတယ်ဆိုတဲ့အချက်ကိုလည်း သိစေချင်ပါကြောင်း၊ အေအာတီဆေးဖြင့် တိုးချဲ့ကုသပေးနိုင်မှုကြောင့် လူနာများဟာ ပိုမိုအသက်ရှည်စွာ နေနိုင်လာကြပြီး နောက်ဆက်တွဲ ပြဿနာ အနေနဲ့သွေးတိုး၊ ဆီးချိုစတဲ့ မကူးစက်တတ်သော ရောဂါများ ပိုမိုဖြစ်ပွားလာနိုင်ပြီး ရေရှည်၌ ထည့်သွင်းစဉ်းစားရမယ့် ကျန်းမာရေးပြဿနာတစ်ခုအဖြစ် တွေ့မြင်လာရပါကြောင်း၊ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ဖြစ်ပွားမှုအခြေအနေနဲ့ အန္တရာယ်ရှိတဲ့ အပြုအမူကျင့်သုံးမှု အခြေအနေများ ပုံမှန်ဆန်းစစ်ခြင်း (IBBS- 2017) စစ်တမ်းအရမူးယစ်ဆေးအကြောထဲ ထိုးသွင်းသူပေါင်း(၉၃,ဝ၀ဝ) ခန့်ရှိပြီး 2017) စစ်တမ်းအရ မူးယစ်ဆေးဝါး အကြောတွင်း ထိုးသွင်းသူများတွင် အိပ်ချ်အိုင်ဗွီ ဖြစ်ပွားမှုနှုန်း (၃၄ ဒသမ ၉ ရာခိုင်နှုန်း) အထိရှိပါကြောင်း၊

 

ကိုယ်ဝန်ဆောင်မိခင်များတွင် အိပ်ချ်အိုင်ဗွီဖြစ်ပွားမှုနှုန်းဟာလည်း ၂၀၁၁ခုနှစ်တွင် (ဝ.၈၄%) ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် (ဝ.၅၇%) အထိ တဖြည်းဖြည်း ကျဆင်းလာတာကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့လာမည့် ၂၀၂၅ခုနှစ်မှာ မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှု လုံးဝကင်းစင် ပပျောက်သွားသည်အထိ ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်းလည်း အသိပေး ပြောကြားလိုပါကြောင်း၊          ဒီလိုအောင်မြင်မှုများရရှိနေသော်လည်း မိမိတို့အနေဖြင့် ပေါ့ဆ၍ မဖြစ်ဘဲ ဆက်လက်အလေးပေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၊ ကုလသမဂ္ဂ၏ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ဆိုင်ရာ ပူးတွဲစီမံချက် (UNAIDS) နှင့်ကမ္ဘာ့နိုင်ငံပေါင်း (၃၀) ကျော်မှာ ဆောင်ရွက်လျက်ရှိတဲ့ Global HIV Prevention Coalition Group မှာအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်ဖို့ ၂၀၁၈ခုနှစ် မေလ Switzerland နိုင်ငံ Geneva မြို့မှာကျင်းပတဲ့(၇၁) ကြိမ်မြောက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညီလာခံမှာ အဆိုပြုခဲ့ပါကြောင်း၊

 

ခုခံအားကျဆင်းမှု ကူစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၄၆၆) သန်းရှိပြီး နိုင်ငံတော် အစိုးရရဲ့ထည့်ဝင်မှုဟာ (၂၀)ရာခိုင်နှုန်းရှိကာ Global Fund အဖွဲ့မှ (၅၀)ရာခိုင်နှုန်းနဲ့ အခြား PEPFAR, Access to Health Fund, ADB တို့မှလည်း ထည့်ဝင် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာမှာ မြို့နယ် (၃၃၀)လုံးအတွက် အခြေခံမရှိမဖြစ်လိုအပ်တဲ့ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ကာကွယ်ရေးနှင့် ကုသရေးဝန်ဆောင်မှုလုပ်ငန်းများ (Essential packages for health services-HIV) ကို အမှန်တကယ်လိုအပ်နေတဲ့ နေရာဒေသ၊ အမှန်တကယ်လိုအပ်နေသူများအတွက် လက်လှမ်းမီ ရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု လျော့နည်း ကျဆင်းသွားပါက အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီး သုံးစွဲနေရတဲ့ ဘဏ္ဍာရန်ပုံငွေ အပါအဝင်စွမ်းအားစုများကို အခြားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် အကျိုးရှိစွာ ပြောင်းလဲသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊

 

ယနေ့ပြုလုပ်တဲ့ အခမ်းအနားမှာအထူး မှာကြားလိုတာကတော့ အမျိုးသမီးလိင်လုပ်သားများ (FSW)နှင့် အမျိုးသားချင်း လိင်တူဆက်ဆံသူများ (MSM)၊ ပြည်သူလူထု အခြေပြု အဖွဲ့အစည်းများ အပါအဝင် ပြည်သူများ ကိုယ်တိုင်ဉီးဆောင်ပြီး အားလုံးလက်တွဲ ပူးပေါင်းဆောင်ရွက်ရန် အထူးအရေးကြီးပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လိုအပ်သည်များ ပံ့ပိုကူညီ ဆောင်ပေးသွားမည် ဖြစ်ပါကြောင်း၊ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာ တစ်ရပ်အဖြစ်မှ လုံးဝပပျောက်သွားစေရန်အတွက် လူတိုင်းအသိစိတ်ဓာတ်ရှိစွာ ဖြင့်ပြည်သူလူထု အားလုံး ပါဝင်ဆောင်ရွက်ကြရန်တိုက်တွန်း ပါကြောင်း    ပြောကြားခဲ့သည်။

 

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ UNAIDS အဖွဲ့မှ Country Director, Mr. Oussama Tawil က UNAIDS မှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ U.S Embassy မှ Deputy Chief of Mission, Deborah C. Lynn မှကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ   တိုက်ဖျက်ရေးနေ့နှင့် ပတ်သက်သောအမှာစကားအား ပြောကြားခြင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနေ ကိုယ်စားလှယ် Dr. Stephan Paul Jost က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံး၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးမှ ပေးပို့သော သဝဏ်လွှာအားဖတ်ကြားခြင်း၊ အိပ်ချ်အိုင်ဗွီရောဂါနှင့် နှီးနွယ်ခံစားနေရသော လူထုကိုယ်စား မြန်မာနိုင်ငံအိပ်ချ်အိုင်ဗွီနှင့် နေထိုင်သူများအသင်း ဥက္ကဌ ဒေါ်ခင်မာဝင်း က ဆွေးနွေးတင်ပြခြင်း တို့ကို ပြုလုပ်ခဲ့သည်။

 

ယင်းနောက်၂၀၁၉ ခုနှစ်ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် HIV ကာကွယ်ရေးလုပ်ငန်းများတွင် တက်ကြွလှုပ်ရှားမှု ထူးချွန်ဆုရမြို့နယ်များအား လည်းကောင်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတို့တွင် ထူးချွန်ဆု ရကျောင်းသား/ကျောင်းသူများအား လည်းကောင်း၊ ဉာဏ်စမ်း ဗဟုသုတပြိုင်ပွဲများတွင် ထူးချွန်ဆုရ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများအား လည်းကောင်း၊ ပညာပေးပြခန်း အကောင်းဆုံးပြင်ဆင်နိုင်မှုဆုအား လည်းကောင်း ချီးမြှင့်ပေးခဲ့ကြသည်။ ထို့နောက် PUAMI Theme Song ဖြင့် ဖျော်ဖြေခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက်လာသော ဧည့်သည်တော်ကြီးများနှင့် မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူး၍ ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြခန်းငယ်များအား လှည့်လည်ကြည့်ရှုကာ မြန်မာနိုင်ငံ အိပ်ချ်အိုင်ဗွီ နှင့် နေထိုင်နေသူများ၊ ဦးတည်အုပ်စုများဖြစ်သော အမျိုးသားချင်း လိင်တူချစ်သူများ၊ အမျိုးသမီးလိင် အလုပ်သမများနှင့် မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူများအား အားပေး စကားများ ပြောကြားခဲ့သည်။

 

ဆက်လက်၍ ယင်းနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ်ရှိ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ မြန်မာနိုင်ငံ ဆေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအက်စ်ကျော်လှနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် အမြဲနေထိုင်ခွင့်(PR) ရရှိပြီးသူများနှင့် နိုင်ငံခြားသားအဖြစ် ခံယူထားသော မူလမြန်မာနိုင်ငံဖွား အထူးကုဆရာဝန်များနှင့် ဆရာဝန်များနှင့် ပတ်သက်သော ကန့်သတ်အထွေထ ွေဆေးကုသခွင့်လိုင်စင်နှင့် ကန့်သတ်အထူးဆေးကုသ ခွင့်လိုင်စင်များ ဖြေလျော့ပေးနိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးကြသည်။

 

ထိုဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် အမြဲနေထိုင်ခွင့်(PR) ရရှိပြီးသူများနှင့် နိုင်ငံခြားသားအဖြစ် ခံယူထားသော မူလမြန်မာနိုင်ငံဖွား ဆရာဝန်များကို ဆေးကုသခွင့် လိုင်စင်များ ထုတ်ပေးရာတွင် (၂၉.၁၁.၂၀၁၉)ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး၌ မိမိရှင်းလင်းပြောကြားခဲ့သည့်အတိုင်း ကောက်ခံသည့် လိုင်စင်ကြေး အပါအဝင်  ကန့်သတ်မှုများကို အတိုင်းအတာတစ်ခုအထိ ဖြေလျော့ ဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်ပရောက် မူလမြန်မာနိုင်ငံဖွား ဆရာဝန်များနှင့် မိမိတို့ နိုင်ငံရှိဆရာဝန်များအကြား အတွေ့အကြုံပညာရပ်များကို နှစ်ဦးနှစ်ဘက် အပြန်အလှန် မျှဝေဖလှယ်နိုင်မည်ဖြစ်ပြီး ပြည်သူများ အကျိုးရှိမည်ဖြစ်ပါကြောင်း၊

 

မြန်မာနိုင်ငံ ဆေးကောင်စီအနေဖြင့် ဆေးကုသခွင့်လိုင်စင် လျှောက်ထားရာတွင် လိုအပ်သော အချက်အလက်အကြောင်းအရာများကို အလွယ်တကူသိရှိ နိုင်စေရန်အတွက် ကိုယ်ပိုင် အင်တာနက်စာမျက်နှာ ဝက်ပ်ဆိုဒ်တစ်ခုထူတောင်၍ ကြိုတင်အသိပေး ကြေညာထား စေလိုကြောင်း၊ လိုင်စင်လျှောက်ထားခြင်း၊ လိုင်စင်ကြေးများပေးသွင်းခြင်းများကိုလည်း ပိုမိုအဆင်ပြေစေရန်အတွက်လည်း အွန်လိုင်းမှတစ်ဆင့် ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးစေ လိုပါကြောင်း၊ ထို့အပြင် သက်ဆိုင်ရာ ဆေးပညာရပ်အလိုက် အထူးကုဆရာဝန်များအား မြန်မာနိုင်ငံဆေးကောင်စီ၊ သက်ဆိုင်ရာဆေးပညာအဖွဲ့များနှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အရည်အချင်းစစ်စာမေးပွဲများ ပြုလုပ်၍ ဘုတ်အဖွဲ့ အသိအမှတ်ပြု အထူးကုဆရာဝန် (Board Certified Doctor)များအဖြစ် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေးကို ရေရှည်အကျိုး မျှော်ကိုး၍ စဉ်းစားဆောင်ရွက်ကြစေလိုပါကြောင်း၊ ထိုကဲ့သို့  ဘုတ်အဖွဲ့ အသိအမှတ်ပြု အထူးကုဆရာဝန် (Board Certified Doctor)များအဖြစ် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရေးအတွက် အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် အခြားဖွံ့ဖြိုးပြီး နိုင်ငံများသို့ သွားရောက် လေ့လာ၍ မိမိတို့နိုင်ငံနှင့်သင့်လျော်သော စနစ်ကို စဉ်စား၍ ဆောင်ရွက်စေ လိုပါကြောင်း ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ အက်စ်ကျော်လှက ပြည်ထောင်စုဝန်ကြီး လွှတ်တော်တွင် ဖြေကြားခဲ့သည့်အတိုင်း အမြဲနေထိုင်ခွင့်(PR) ရရှိပြီးသူများနှင့် နိုင်ငံခြားသား အဖြစ် ခံယူထားသော မူလမြန်မာနိုင်ငံဖွား ဆရာဝန်များကို ဆေးကုသခွင့်လိုင်စင်များ ထုတ်ပေးရာတွင် ပြည်ထောင်စုဝန်ကြီး ပြည်သူ့လွှတ်တော်တွင် ရှင်းလင်းဖြေကြားထား သကဲ့သို့ ဖြေလျော့မှုများကို ဆောင်ရွက်ပေးသွားရန် မိမိတို့ အလုပ်အမှုဆောင်အဖွဲ့က (၂၉.၁၁.၂၀၁၉)ရ က်နေ့တွင် အစည်းအဝေးပြုလုပ်၍ သဘောတူ ဆုံးဖြတ်ထားပြီး ဖြစ်ပါကြောင်းနှင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လိုင်စင်ကြေးနှုန်းထားသတ်မှတ်ချက်များကို လျှော့ချ၍ ကောက်ခံသွားမည့်အပြင် ယခင်ကကဲ့သို့ တစ်ကြိမ်လျင် (၃)လစာ စုပေါင်းသွင်းရခြင်းမျိုး မဟုတ်ဘဲ တစ်လချင်း လိုအပ်ချက်အညီ ပေးသွင်းသွားနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းတွင် မိမိတို့ ကောင်စီအနေဖြင့် လူနာဘေးကင်းလုံခြုံရေးနှင့် ပြည်သူများ အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုရရှိရေး ရည်ရွယ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။

 

(သတင်းစဉ်)