တောင်ကြီး အောက်တိုဘာ ၂၁

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် ဆုဆွတ်ခူးရရှိခဲ့သည့် ရှမ်းပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲကို အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဂုဏ်ပြုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက “(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ၁၀၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေ တစ်ခု၊ ငွေ ရှစ်ခု၊ ကြေး ငါးခု၊ နှစ်သိမ့်ဆု ငါးဆု စုစုပေါင်း ဆု ၁၉ ခု ရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း” ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရရှိခဲ့ကြသူများနှင့် ကြီးကြပ်သူအဖွဲ့များအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်သည်။ ယင်းနောက် ရှမ်းပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်နိုင်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နေမျိုးက ပြိုင်ပွဲအတွေ့အကြုံများ ရှင်းလင်းတင်ပြပြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရှင် မစုယွန်းရွှေရည်က  အကအလှများဖြင့် လည်းကောင်း၊ ရွှေတံဆိပ်ရှင် ဒိုးပတ်အဖွဲ့က အတီးဖြင့်လည်းကောင်း ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အင်းသားလေး(တောင်ကြီး)