၄  ဧပြီ

 

ဗဟိုအမေရိက ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ အမေရိကန်ကို ဦးတည်လာတာ ရပ်တန့်နိုင်ဖို့ အမေရိကန်သမ္မတ ထရမ့်ဟာ နည်းလမ်းအမျိုးမျိုးရှာဖွေခဲ့ပေမယ့်လည်း လူစုလူဝေးနဲ့ ရွှေ့ပြောင်းလာတာကို မရပ်တန့်နိုင်သေးပါဘူး။ ဒီကိစ္စကြောင့် ဒေါသထွက်နေတဲ့ထရမ့်ဟာ ဗဟိုအမေရိကသုံးနိုင်ငံကို ပေးထားတဲ့ အကူအညီတွေ ဖြတ်တောက်ဖို့ အစီအစဉ်ရှိတယ်လို့ ကြေညာလိုက်ပါတော့တယ်။

 

အကူအညီဖြတ်တောက်မယ်

 

အဲဒီနိ်ုင်ငံတွေကတော့ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်နဲ့ အယ်ဆာဗေးဒိုးနိုင်ငံတွေပဲ ဖြစ်ပါတယ်။ အကြမ်းဖက်မှု ကာကွယ်ရေး၊ အလွန်အမင်းဆင်းရဲမွဲတေမှုကို ထိန်းချုပ်နိုင်ရေးနဲ့ တရားရေးစနစ်တို့ အားကောင်းလာစေရန် အထောက်အပံ့ပြုတဲ့ ရန်ပုံငွေတွေကို ဖြတ်တောက်ပစ်လိမ့်မယ်လို့ ဝေဖန်သူတွေက ပြောကြပါတယ်။ ဒီပြဿနာတွေကြောင့်လည်း အဲဒီနိုင်ငံတွေက ဒေသခံတွေဟာ နေရပ်ကိုစွန့်ခွာပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကိုရှာဖွေဖို့ ထွက်လာကြတာပါ။ ဘယ်နေရာတွေမှာ ထောက်ပံ့ထားတဲ့ ရန်ပုံငွေတွေကို ဖြတ်တောက်ပစ်မလဲဆိုတာ တိတိကျကျအသိပေးထားတာ မရှိပေမယ့် အဲဒီဒေသတွေမှာ အကူအညီပေးထားတဲ့ ဒေါ်လာသန်း ၄၅၀ ကို လမ်းကြောင်းလွှဲလိုက်မယ်လို့ ပြောထားတာရှိပါတယ်

 

ထရမ့်၏ခြိမ်းခြောက်မှု

 

သမ္မတ ထရမ့်ကလည်း မက္ကဆီကိုနိုင်ငံကသာ လူစုလူဝေးနဲ့ ရွှေ့ပြောင်းလာတဲ့လူအုပ်ကြီးကို မရပ်တန့်နိုင်ဘူးဆိုရင် မက္ကဆီကိုနဲ့ ထိစပ်နေတဲ့ တောင်ပိုင်းနယ်စပ်ကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီက ဗဟိုအမေရိကနိုင်ငံတွေမှာ အဖွဲ့အစည်းတွေ ပြုပြင်ပြောင်းလဲရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာစိန်ခေါ်မှုတွေကို အထောက်အပံ့ပေးထားပါတယ်။ အဲဒီအစီအစဉ်တွေဟာ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးတွေကို ပိုမိုအားကောင်းစေပြီး ချမ်းသာကြွယ်ဝစေမယ့် အစီအစဉ်တွေ လည်းဖြစ်ပါတယ်။ ဒီတော့ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်နဲ့ အယ်ဆာဗေးဒိုးနိ်ုင်ငံတို့မှာ အမေရိကန်က ထောက်ပံ့ထားတဲ့ ဘယ်လိုမျိုးအစီအစဉ်တွေကို ရန်ပုံငွေ ဖြတ်တောက်မှာလဲ။

 

ဂွါတီမာလာ

 

လက်ရှိ ဗဟိုအမေရိက သုံးနိုင်ငံထဲမှာ အမေရိကန်ရဲ့ အကူအညီကို အများဆုံးရထားတာကတော့ ဂွါတီမာလာ နိ်ုင်ငံပဲ ဖြစ်ပါတယ်။ တိုင်းပြည်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ အစားအသောက်ဖူလုံစေဖို့၊ ကျေးလက်နဲ့ လူမှုဘဝတိုးတက်ဖို့ စတာတွေအတွက် အကူအညီတွေ အများကြီးရထားပါတယ်လို့ လက်တင်အမေရိကမှာရှိတဲ့ လူ့အခွင့်အရေး သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဝါရှင်တန်ရုံးက ပြောပါတယ်။ အဲဒီအဖွဲ့ရဲ့ ပြောကြားချက်အရ ၂၀၁၇ ခုနှစ်မှာ ဂွါတီမာလာ နိုင်ငံဟာ အမေရိကန်ဒေါ်လာ ၇၈ ဒသမ ၆ သန်း အကူအညီ ရခဲ့ပါတယ်။ နယ်စပ်နဲ့ဆေးဝါးထိန်းချုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၈ သန်း ရရှိခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာမှာ အသုံးပြုဖို့ကတော့ ဒေါ်လာ ၂၂သန်း၊ လုံခြုံရေးနဲ့ တရားရေးဆိုင်ရာတွေမှာသုံးဖို့ ၄၈ ဒသမ ၂ သန်း လက်ခံရရှိပါတယ်။ ဒါ့အပြင် လယ်သမားတွေ ဝင်ငွေတိုးဖို့ ကျေးလက်ဒေသမှာ အစားအသောက်ဖူလုံစေရေးနဲ့ အာဟာရ ပြည့်ဝစွာ ရရှိစေဖို့အတွက်လည်း အစီအစဉ်တွေ ရှိပါသေးတယ်။

 

ကူညီထောက်ပံ့မှုများ

 

၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၃၆ သန်း ရင်းနှီးမြှုပ်နှံဖို့ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီက ပြောပါတယ်။ အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ ထိခိုက်ခံစားခဲ့ရသူတွေအတွက် ကူညီထောက်ပံ့မှုကတော့ ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၄ သန်းသုံးစွဲသွားဖို့ ရှိပါတယ်။ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစားနဲ့ အလုပ်အကိုင် အခွင့်အလမ်းတို့အတွက် သုံးစွဲသွားမယ့်ငွေကြေး ကတော့ ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သန်း ၄၀ ပဲဖြစ်ပါတယ်။ ဒါကတော့ ဂွါတီမာလာနိုင်ငံမှာ အမေရိကန်ရဲ့ အကူအညီ အထောက်အပံ့တွေပဲ ဖြစ်ပါတယ်။

 

ဟွန်ဒူးရပ်စ်

 

နောက်တစ်နိုင်ငံကတော့ ဟွန်ဒူးရပ်စ်ပါ။ အမေရိကန်က ဟွန်ဒူးရပ်စ်နိုင်ငံမှာ အများဆုံးကူညီထောက်ပံ့ ပေးထားတာကတော့ လုံခြုံရေး၊ တရားရေးနဲ့ အကြမ်းဖက်မှုကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာပဲဖြစ်ပါတယ်။ အဲဒီအစီအစဉ်တွေအတွက် ဟွန်ဒူးရပ်စ်ကို အမေရိကန်က ၂၀၁၇ ခုနှစ်အတွင်း အကူအညီ ပေးထားတာကတော့ အမေရိကန်ဒေါ်လာ ၆၅ ဒသမ ၅ သန်းပဲဖြစ်တယ်လို့ လက်တင်အမေရိကမှာရှိတဲ့ ဝါရှင်တန်ရုံးကပြောပါတယ်။ ဒါ့အပြင် ပညာရေး၊ စဉ်ဆက်မပြတ်စိုက်ပျိုးနိုင်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒေါ်လာသန်း ၁၁၆ သန်း အကူအညီပေးခဲ့ပါတယ်။

 

စီမံကိန်းများ

 

အမေရိကန်က အကူအညီပေးထားတဲ့အထဲမှာ ပါဝင်တဲ့ စီမံကိန်းတွေကတော့ ဟွန်ဒူးရပ်စ်နိ်ုင်ငံ အနောက်ပိုင်းဒေသတွေမှာ ဆင်းရဲမွဲတေမှုနဲ့ အာဟာရပြတ်လပ်မှုလျှော့ချရေး အတွက်ရည်ရွယ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဖို့အတွက် ၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၆ သန်း ရရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ပညာရေးကဏ္ဍအတွက် ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ဆရာမတွေ စာအုပ်တွေဝယ်ယူဖို့အတွက် ဒေါ်လာ ၉ ဒသမ ၉ သန်း ရရှိပါတယ်။ သတ်မှတ်ကာလကတော့ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိပါ။ ကော်ဖီစိုက်တောင်သူတွေ လုပ်ငန်းတိုးချဲ့ ဖို့အတွက်ကတော့ ၂၀၁၈ ကနေ ၂၀၂၂ခုနှစ်အထိ ဒေါ်လာ ၂ သန်း ရရှိထားပါတယ်။

 

အယ်ဆာဗေးဒိုး

 

နောက်ထပ်အမေရိကန်က ထောက်ပံ့ကူညီပေးထားတဲ့ နိုင်ငံကတော့ အယ်ဆာဗေးဒိုးပဲဖြစ်ပါတယ်။ လုံခြုံရေး၊ တရားရေးကဏ္ဍနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးတို့မှာ အဓိကထားပြီး ကူညီထောက်ပံ့ပေးထားပါတယ်။ စာရင်း အချက်အလက်တွေအရ အဲဒီကဏ္ဍတွေမှာ အမေရိကန်ရဲ့ ထောက်ပံ့မှုဟာ ဟွန်းဒူးရပ်စ် နိုင်ငံထက်ပိုများတယ်လို့ သိရပါတယ်။ အလုပ်အကိုင်ဖန်တီးပေးရေး၊ တရားရေးစနစ်တို့မှာ ပိုမိုအားကောင်းလာစေဖို့ အပါအဝင် အခြားသော ကဏ္ဍတွေမှာ အထောက်အကူဖြစ်စေဖို့ အမေရိကန်က အကူအညီပေးခဲ့တာလို့ သိရပါတယ်။ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှု ကာကွယ်ရေးအတွက် ၂၀၁၃ခုနှစ်ကနေ ၂၀၁၉ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၈ သန်း အလုပ်အကိုင် အခွင့်အလမ်း အတွက်ရယ် ပြည်သူ့အဖွဲ့အစည်းတွေအတွက် နည်းပညာပိုင်းဆိုင်ရာ သင်တန်းအတွက်အကူအညီ ငါးနှစ်တာကာလ အတွင်း ၄၂ ဒသမ ၂ သန်း အကူအညီပေးခဲ့ပါတယ်။ အယ်ဆာဗေးဒိုးအစိုးရအတွင်း ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိစေရေး တို့အတွက် ဒေါ်လာ ၂၀ ဒသမ ၃သန်း ထောက်ပံ့ခဲ့ပါတယ်။

 

အလုပ်အကိုင်တွေရလာ

 

ပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီရဲ့ အစီရင်ခံစာအရ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် ရန်ပုံငွေ ရရှိခဲ့တာကြောင့် ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း လူသတ်မှု ၆၁ ရာခိုင်နှုန်းခန့် လျော့ကျသွားတယ်လို့ သိရပါတယ်။ နောက်ပြီးတော့ အလုပ်အကိုင်ပေါင်း ၂၂၀ဝ၀ ခန့် ကိုလည်း ဖန်တီးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါတွေ အားလုံးကတော့ အမေရိကန်ကနေ ဗဟိုအမေရိက သုံးနိုင်ငံကို ထောက်ပံ့ပေးထားတဲ့ အကူညီအတွေပဲ ဖြစ်ပါတယ်။

 

ဘယ်လိုအကူညီတွေကို ဖြတ်တောက်မလဲ

 

အဓိကအားဖြင့် အဲဒီနိုင်ငံသုံးနိုင်ငံမှာ ဆင်းရဲမွဲတေမှု လျှော့ချနိ်ုင်ပြီး နယ်မြေတည်ငြိမ်အေးချမ်းပြီး အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာမယ်ဆိ်ုရင် နေရပ်ကိုစွန့်ခွာပြီး အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်လိုတဲ့သူ နည်းသွားလိမ့်မယ်လို့ ယူဆလို့ပါ။ ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ ဗဟိုအမေရိကသုံးနိုင်ငံက အများဆုံးပါဝင်တဲ့ လူအုပ်ကြီးက အမေရိကန်ဆီ ဦးတည်လာတာကို မရပ်တန့်နိ်ုင်တဲ့အတွက် သမ္မတထရမ့်က အကူအညီတွေ ဖြတ်တောက်မယ်ဆိုပြီး ကြိမ်းဝါးခဲ့တာပါ။ ဘယ်နေရာတွေမှာ အကူအညီဖြတ်တောက် မလဲဆိုတာကတော့ အခုအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

 

ခြူးစန္ဒီနွေး

 

ကိုးကား -နယူးယောက်တိုင်းမ်