ရန်ကုန် ၁၄ ဒီဇင်ဘာ

ခုနှစ်ပေါင် ခုနှစ်အောင်စရှိ တတိယအကြိမ် ဖန်ပြွန်သန္ဓေသား မိန်းကလေးတစ်ဦးကို ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)၌ ဒီဇင်ဘာ ၁၁ ရက် နံနက် ၇ နာရီ ၄၉ မိနစ်တွင် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာ ဒေါ်ခင်ပြုံးကြည်နှင့် သားဖွား မီးယပ် ပညာဌာန ပါမောက္ခဌာနမှူး ပါမောက္ခဒေါက်တာ ဒေါ်နွယ်မာထွန်းတို့ ဦးဆောင်မှုဖြင့် ပါမောက္ခ ဒေါက်တာဒေါ်ခင်လတ်၊ ခွဲစိတ်ဆရာဝန်ကြီးများနှင့် ဆရာမများက အောင်မြင်စွာ ခွဲစိတ် မွေးဖွားပေးခဲ့ကြောင်း သိရသည်။

တတိယမြောက်မွေးဖွား

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်ပြုံးကြည်က “ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)မှာ Fertility Centre ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ကစပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီစင်တာကနေ ဖန်ပြွန်သန္ဓေသား မွေးဖွားပေးတာ ဒီနေ့မွေးတာပါဆိုရင် တတိယမြောက် အောင်မြင်စွာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ Fertility Centre မှာဆိုရင် ကျွမ်းကျင်တဲ့ သားဖွားမီးယပ် ပါမောက္ခဆရာဝန်ကြီးတွေ့ ဦးဆောင်ပြီး ဆရာမတွေ၊ ကျွမ်းကျင်တဲ့ဓာတ်ခွဲခန်း ဝန်ထမ်းတွေက ပထမဦးဆုံး သားသမီးမရရှိနိုင်တဲ့ ဇနီးမောင်နှံတွေ ဘာကြောင့် သားသမီးမရရှိနိုင်လဲဆိုတာ စစ်ဆေးမေးမြန်းရပါတယ်။ ရောဂါရာဇဝင်ကို မေးကြတယ်။ သားသမီးမရတဲ့ အကြောင်းအရင်းကိုရှာတယ်။ ဒုတိယအဆင့်က သားသမီးရရှိဖို့အတွက် ကူညီတဲ့အဆင့်၊ သဘာဝအတိုင်း ရရှိဖို့အတွက် တိုင်ပင်ဆွေးနွေးခြင်းနဲ့ ကလေးရသွားတာတွေ လည်းရှိပါတယ်။ နောက်တစ်ဆင့်က မျိုးဥကြွေဆေးကို ကျွေးပြီး သဘာဝအတိုင်းပဲ ကလေးရအောင် ကူညီပေးတာရှိပါတယ်။ အဲဒီလိုမျိုးနဲ့မှ မရဘူးဆိုရင် IU ဆိုတာ သန့်စင်ပြီးတဲ့ ဖခင်ရဲ့ သုက်ပိုးကို မိခင်ရဲ့ သားအိမ်ထဲကို အချိန်တန်ရင်တိုက် ရိုက်ထည့်ပေးတာ။ အဲဒီနည်းနဲ့လည်း သားသမီးရအောင် ဆောင်ရွက်ပေးပါတယ်။ နောက်တစ်ဆင့်က ဒီနေ့အောင်မြင်စွာမွေးဖွားပေးခဲ့တဲ့ ဖန်ပြွန်သန္ဓေသားနည်းပါပဲ။ နောက်တစ်မျိုးက အမျိုးသားရဲ့ သုက်ပိုးကို အမျိုးသမီးရဲ့ သန့်စင်ပြီးတဲ့ သားအိမ်ထဲကို သားဥကြွေမယ့်အချိန်မှာ ထည့်ပေးတဲ့နည်း။ နည်းမျိုးစုံနဲ့ကျွန်မတို့က ဒီလုပ်ငန်းကို ဆောင်ရွက်ပေးနေပါတယ်။

ဖန်ပြွန်သန္ဓေသားနည်းကို အရင်ဆုံးစပြီး မရွေးချယ် ခိုင်းပါဘူး။ အလွယ်ဆုံးနည်းက အကြောင်းမရှိဘဲ ကြန့်ကြာနေတဲ့ ဇနီးမောင်နှံတွေ သဘာဝအတိုင်း တိုင်ပင်ဆွေးနွေးရင်းနဲ့ ရသွားတဲ့သူရှိပါတယ်။ တချို့ကလည်း အိမ်ထောင်ကျတာနောက်ကျနေပြီး အဲဒီအခါကျတော့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်နေတဲ့အချိန်ဆိုရင် ကြာနိုင်တယ်။ ဖန်ပြွန်သန္ဓေသားနည်းကို သဘာဝအတိုင်းမရတော့မှ သုံးပါတယ်။ ဖန်ပြွန် သန္ဓေသားနည်းက နည်းပညာတွေကလည်း အဆင့်ဆင့်ရှိတယ်။ အဆောက်အဦ၊ စက်ပစ္စည်းတွေက သုံးစွဲရတာအလွန်ကျယ်ပြန့်ပါတယ်။ ဒါကြောင့် ဖန်ပြွန်သန္ဓေသားက တော်တော်လေး နည်းပညာဆန်းသစ်တယ်။ ဆေးရုံတိုင်းမှာလည်း မလုပ်နိုင်ပါဘူး။ ကျွန်မတို့ရဲ့ ဗဟိုအမျိုးသမီး ဆေးရုံကြီးက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နိုင်ငံပိုင်ဆေးရုံ ကြီးဖြစ်တယ်။ ဒီဆေးရုံကြီးမှာ ဖန်ပြွန်သန္ဓေသားလုပ်ဖို့ဆိုတာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ပံ့ပိုးမှုရယ်၊ ပထမဦးဆုံး ကျွန်မတို့ရဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီးက သားဖွား/ မီးယပ်အထူးကုဆရာဝန်ကြီးတွေ၊ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံခြားကပညာရှင်တွေကို ဖိတ်ခေါ်တယ်။ ကျွန်မတို့ကလည်း နိုင်ငံခြားကိုလွှတ်ပြီး နည်းပညာတွေကို ဖလှယ်တယ်။ အဲဒီလိုမျိုးရရှိလာတဲ့နည်းတွေထဲက ဒီဖန်ပြွန် သန္ဓေ သားနည်းကို တက်လှမ်းခဲ့တာဖြစ်ပါတယ်”ဟု ပြောသည်။

ဆက်လက်၍ “ကျွန်မတို့ဆေးရုံရဲ့ Fertility Centre မှာ ဖန်ပြွန်သန္ဓေသားနည်းနဲ့ သန္ဓေတည်ဖို့ဆိုရင် သာမန်ဆေးခန်းတွေ၊ ဆေးရုံတွေမှာဆောင်ရွက်လို့ မရပါဘူး။ နည်းပညာလည်း အလွန်လိုအပ်ပါတယ်။ ဒီဆေးရုံမှာစိန်ခေါ်မှုက အဆောက်အဦပိုင်းဆိုင်ရာ၊ စက်ပစ္စည်းကိရိယာပိုင်းဆိုင်ရာတွေက နိုင်ငံတကာတွေမှာ၊ ဖန်ပြွန်သန္ဓေသား ဌာနတွေမှာ တော်တော်ကို အဆင့်အတန်းမီတာကြောင့် ဖန်ပြွန်သန္ဓေသားနည်းက အောင်မြင်ကြတယ်။ ကျွန်မတို့မှာရှိတဲ့ ပညာရှင်တွေကလည်း နိုင်ငံတကာမှာရှိတဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ပညာရှင်အဆင့်က တော်တော်လေး အဆင့်အတန်းမီ လာပါပြီ။ ပထမဦးဆုံး ဖန်ပြွန်သန္ဓေသားတုန်းက တရုတ်ပြည် ဟိုင်နန်တက္ကသိုလ်က ပညာရှင်တွေနဲ့ပေါင်းပြီး သန္ဓေသားရအောင် ဆောင်ရွက်ခဲ့တာပါ။ ဒုတိယအကြိမ်နဲ့ အခုတတိယအကြိမ်မှာ ကျွန်မတို့ပညာရှင်တွေကိုယ်တိုင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ အခက်အခဲက ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက စက်ပစ္စည်းကိရိယာတွေကို အများကြီး ထောက်ပံ့ပေးထားပေမယ့် ဒီထက်ပိုကောင်းတဲ့ စက်ပစ္စည်းကိရိယာတွေနဲ့ဆိုရင် သန္ဓေသားလေးတွေ မွေးဖွားအောင်မြင်မှုနှုန်းကလည်း ပိုမိုတိုးတက်လာနိုင်တယ်လို့ နိုင်ငံခြားပညာရှင်တွေကလည်း အမြဲတမ်းအကြံပြု ဆွေးနွေးပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အနေနဲ့ကျတော့ ပြည်သူတွေအားလုံးအတွက် အခြေခံဆေးဝါး လိုအပ်ချက်တွေကို အမြဲတမ်း ထောက်ပံ့ရတယ်။ ဒီဆေးဝါးတွေကို အခမဲ့ပေးနိုင်ဖို့အတွက် ထောက်ပံ့ရတဲ့အတွက်ကြောင့် ဖန်ပြွန်သန္ဓေသားမှာသုံးတဲ့ ခေတ်မီတဲ့စက်ပစ္စည်းကိရိယာတွေကို ထောက်ပံ့မှု အချိန်အတိုင်းအတာတစ်ခု ကျွန်မတို့စောင့်ရမှာပါ။ ဖန်ပြွန် သန္ဓေသားနည်းနဲ့ပတ်သက်တဲ့ ဆေးဝါးတွေကိုတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကို တင်ပြခွင့်ပြုချက်တောင်းပြီး အခမဲ့ပေးနိုင်ခြင်း မရှိသေးပါဘူး။ ဖန်ပြွန်သန္ဓေသားနဲ့ပတ်သက်တဲ့ စက်ပစ္စည်းဖိုးရယ်၊ ပညာရှင်တွေရယ်၊ နေ့တိုင်းပြင်ပလူနာဌာနမှာ အခမဲ့ကြည့်ပေးနေပါတယ်။ အဲဒီမှာ သုံးတဲ့ဆေးဝါးတွေက အခြေခံဆေးဝါးတွေ မဟုတ်တဲ့အတွက်ကြောင့် ဒီဆေးဝါးဖိုးကိုတော့ သားသမီးလိုချင်တဲ့ မိဘတွေကကျခံရမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် ဆေးဝါးနဲ့ဆေးထိုးရတဲ့ အဆင့်ကွာခြားတဲ့ အတွက် ကုန်ကျစရိတ်ကလည်း မတူညီကြပါဘူး”ဟု ဆေးရုံ အုပ်ကြီးက ပြောသည်။

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) Fertility Centre ၌ သားသမီးမရနိုင်သည့် ဇနီးမောင်နှံများအတွက် သဘာဝအတိုင်းရရှိရန် တိုင်ပင်ဆွေးနွေး အသိပညာပေးလမ်းညွှန်ခြင်း၊ မျိုးဥကြွေဆေးကျွေး၍ သဘာဝအတိုင်းရရှိရန် ကူညီခြင်း၊ သားအိမ်အတွင်းသို့ သန့်စင်ပြီး သုက်ပိုးထည့်ပေးခြင်း၊ ဖန်ပြွန်သန္ဓေသား ထည့်ခြင်း၊ အမျိုးသမီးသားဥအတွင်းသို့ အမျိုးသားသုက်ပိုးကို Micro Needle ဖြင့်ထည့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လေးခါမြောက်မှအောင်မြင်

တတိယမြောက် ဖန်ပြွန်သန္ဓေသား သမီးကလေး၏ ဖခင်ဖြစ်သူ ကိုလေးအောင်က “ကျွန်တော်တို့က ရန်ကုန်မြို့ လှည်းတန်းကပါ။ မိခင်ကမဝင်းဝင်းထွေး အသက် ၃၅ နှစ်ပါ။ ၂၀၁၁ ခုနှစ်မှာ အိမ်ထောင်ကျပါတယ်။ ဒီဆေးရုံမှာ သားသမီးရအောင် လုပ်လို့ရတယ်ဆိုလို့ ကြိုးစားကြည့်တာ၊ ပထမက သားအိမ်ထဲကို သန့်စင်တဲ့သုက်ပိုးကိုထည့်တဲ့ (IUI) နည်းနဲ့ လုပ်တယ်၊ အဆင်မပြေဘူး။ အဲဒါနဲ့ ဒီဖန်ပြွန်သန္ဓေသား (IVF) နည်းနဲ့ လုပ်တာလေးခါမြောက်မှ အောင်မြင်တယ်။ သုံးနှစ်လောက် ကြိုးစားရတယ်။ အခုဒါက သမီးဦးလေးပါ။ မိခင်ရောကလေးပါ ကျန်းမာကြတယ်။ ဖန်ပြွန် သန္ဓေသားဆိုတော့ သာမန်ကလေးတွေထက် ပိုပြီးဂရုစိုက်ရပါတယ်။ ဒီဆေးရုံကဆရာဝန်ကြီးတွေ၊ ဆရာမတွေကလည်း အလွန်ဂရုစိုက်ပါတယ်။ အခုလိုကလေးရတော့ ဝမ်းသာပျော်ရွှင်မိပါတယ်။ ကလေးလိုချင်ရင် ဒီစင်တာမှာ လာရောက် ပြသစေချင်ပါတယ်။ ဇွဲမလျှော့ပါနဲ့လို့ပြောချင်ပါ တယ်”ဟု ပြောသည်။

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) Fertility Centre ကို၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ပထမ အကြိမ် ဖန်ပြွန်သန္ဓေသားကို၂၀၁၈ ခုနှစ် ဇွန် ၁၂ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ဆေးတက္ကသိုလ်မှ ပညာရှင်များနှင့် ပူးပေါင်း၍ အောင်မြင်စွာ မွေးဖွားပေးခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ဒုတိယအကြိမ် ဖန်ပြွန်သန္ဓေသားနှင့် ယနေ့တွင် တတိယအကြိမ် ဖန်ပြွန်သန္ဓေသားတို့ကို ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) မှ ပညာရှင် ပါမောက္ခဆရာဝန်ကြီးများနှင့် ဆရာဝန်၊ ဆရာမ များက အောင်မြင်စွာမွေးဖွားခဲ့ကြောင်းသိရသည်။

သတင်းဆောင်းပါး၊ ဓာတ်ပုံ - ရီရီမြင့်