နေပြည်တော် မတ် ၇
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်တွင်း၌ လက်လှမ်းမီရရှိနိုင်ရေးနှင့် ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေး တိုးတက်စေရေးအတွက် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက်ရှိရာ ဗဟိုအမျိုးသမီးဆေးရုံကြီး-ရန်ကုန်၌ ဒေါ်ဝင်းမာထွန်း၊ အသက်-၂၆ နှစ်၊ ခင်ပွန်း-ဦးကာစီ၏ သားဦး လေးမြွှာပူးကိုယ်ဝန်ကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၄၁ မိနစ်က အောင်မြင်စွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါလေးမြွှာပူးကိုယ်ဝန်ဆောင် ဒေါ်ဝင်းမာထွန်းသည် ဗဟိုအမျိုးသမီးဆေးရုံကြီး-ရန်ကုန်၌ ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှုခံယူခဲ့ပြီး ခွဲစိတ်မွေးဖွားပေးနိုင်ရေးအတွက် ဗဟိုအမျိုးသမီးဆေးရုံကြီး-ရန်ကုန် ဆေးရုံအုပ်ကြီးခေါင်းဆောင်၍ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပါဝင်သည့် ဆေးကုသရေးအဖွဲ့ကို ဖွဲ့စည်းကာ ညှိနှိုင်းတိုင်ပင်၍ စနစ်တကျ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလေးမြွှာပူးကိုယ်ဝန်၏ ခွဲစိတ်ကုသမှုကို ပါမောက္ခ/ ဌာနမှူး (သားဖွားမီးယပ်) ပါမောက္ခဒေါက်တာခင်မေသင်း ဦးဆောင်သော သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများအဖွဲ့၊ တွဲဖက်ပါမောက္ခဒေါက်တာချိုချို ဦးဆောင်သော မေ့ဆေးပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ ဌာနမှူး (မွေးကင်းစ) ပါမောက္ခဒေါက်တာနမ့်စမ်းစမ်းအေး ဦးဆောင်သော မွေးကင်းစကလေး အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးနှင့် ဆေးရုံစီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ သူနာပြုများအဖွဲ့၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြု ဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ယင်း လေးမြွှာပူးကိုယ်ဝန်မှ ကိုယ်အလေးချိန် 1.21 kg၊ 1.52 kg၊ 1.28 Kg နှင့် 0.91 kg ရှိ မိန်းကလေး (၄) ဦးတို့ကို ခွဲစိတ်မွေးဖွားနိုင်ခဲ့ပြီး မိခင်နှင့်ကလေးများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိ၍ ကလေးများကို မွေးကင်းစကလေးအထူးကြပ်မတ်ကုသဌာန၌ ဘာသာရပ် ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများက လိုအပ်သော ပြုစုကုသမှုများကို အနီးကပ်ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
