ရန်ကုန် ၁၁ ဖေဖော်ဝါရီ
ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၌ မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်းရောဂါ လူနာများကို မီးယပ်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးများ ဦးဆောင်ပြီး ကုသပေးနေကြောင်း ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာ ခင်ပြုံးကြည်က ယနေ့နံနက် ၉ နာရီတွင် အဆိုပါဆေးရုံ၌ ကျင်းပသည့် မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်းရောဂါနှင့်ပတ်သက်သည့် ပဉ္စမအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။
ဆက်လက်၍ ဆေးရုံအုပ်ကြီးက “ဒီဆွေးနွေးပွဲက သားဖွားမီးယပ်ပညာဌာန ဗဟိုအမျိုးသမီးဆေးရုံကြီးနဲ့ သြစတြေးလျနိုင်ငံ Brisbane Hospital က မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်းပါရဂူတွေနဲ့ တွဲဖက်ပြုလုပ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲဖြစ်ပါတယ်။ မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်းရောဂါဆိုတာ အသက်အန္တရာယ်စိုးရိမ်လောက်တဲ့ ရောဂါထဲမှာတော့ မပါဝင်ပါဘူး။ ဒါပေမယ့် အမျိုးသမီးထုမှာ နိစ္စဓူဝနေထိုင်လှုပ်ရှားမှုမှာ အနှောင့်အယှက်ဖြစ်စေနိ်ုင်တဲ့ ဆီးမထိန်းနိုင်တာ။ အမျိုးသမီးတွေမှာ ချောင်းဆိုးလိုက်ရင်၊ နှာချေလိုက်ရင်၊ လမ်းလျှောက်လိုက်ရင်၊ စကားပြောရင်၊ လမ်းများများလျှောက်ရင် ဆီးမထိန်းနိုင်တဲ့ ဝေဒနာတွေ၊ ဆီးခဏခဏသွားရတဲ့ ဝေဒနာတွေ၊ ညမှာ ဆီးတွေ အကြိမ်ကြိမ်သွားလို့ အိပ်မပျော်တဲ့သူတွေ ၊ နောက်တစ်ခုက အမျိုးသမီးတွေ အသက်ကြီးလာရင် သားအိမ်ကျတယ်ဆိုပြီး သားဖွားမီးယပ်အထူးကုတွေကို လာရောက်ပြသကြတယ်။ တင်ပဆုံကျုံ့ကြွက်သားတွေ အားနည်းပြီး အတွင်းပိုင်း အင်္ဂါတွေလျော့နည်းပြီးကျတဲ့ ဒီဝေဒနာတွေ အဖြစ်များတာပါ။ ဒါကြောင့် ဒီဝေဒနာ တွေက ရောဂါအကြီးကြီးမဟုတ်ပေမယ့် နေ့စဉ်လှုပ်ရှားနေရတာ ဖြစ်တဲ့ အတွက် အရေးကြီးတယ်လို့ ဆိုနိုင်ပါတယ်”ဟု ဆိုသည်။
ထို့နောက် ဆေးရုံအုပ်ကြီးက မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်းလူနာများကို ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့်စပ်လျဉ်း၍ “၂၀၁၆ ကစပြီး မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်း ပြင်ပလူနာဌာနကို ဒီဆေးရုံမှာ စတင်ဖွင့်လှစ်ပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း ကြည့်ရှုပေးပါတယ်။ အဖြစ်အများဆုံးရောဂါဖြစ်တဲ့ ဆီးထွက်ကျတယ်၊ ဆီးခဏခဏသွားတယ်။ ရောဂါအမျိုးအစားတွေကို မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်း ရောဂါစက်ကိရိယာနဲ့ စမ်းသပ်စစ်ဆေးပြီး အကြောင်းရင်းသိ် ကုသပေးနိုင်ဖို့အတွက် ဒီ Clinic ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်ထားပါတယ်။ ဒီနေ့ပြုလုပ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ သြစတြေးလျနိုင်ငံက ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေသလို အိန္ဒိ်ယနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ဆောင်ခဲ့ပြီး ရလာတဲ့ပညာရပ်တွေနဲ့ ကုထုံးအသစ်တွေလည်း တွေ့လာပါတယ်။ မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်း ရောဂါအတွက် သီးသန့်ဌာနရှိရင် ပိုပြီးအာရုံစိုက်လုပ်ဆောင်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မီးယပ်ဆိုင်ရာလမ်းကြောင်း ရောဂါကုတဲ့ အတွင်းလူနာဌာနလေးကို ၂၀၁၉ ဇန်နဝါရီ ၂၈ ရက်နေ့မှာ စပြီး ဖွင့်လှစ်ကုသပေးနေပါတယ်။
“မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်းရောဂါဝေဒနာသည် အမျိုးသမီးထုကို ကျွန်မပြောချင်တာက ဒီရောဂါက အသက်အန္တရာယ် ဖြစ်လောက်တာတော့ မဟုတ်ပါဘူး။ အလုပ်ရုံဆွေးနွေးပွဲတွေမှာ နိုင်ငံခြားပညာရှင်တွေက ဆွေးနွေးတဲ့အခါမှာ နိုင်ငံခြားက ရောဂါသည်တွေနဲ့ ခံယူချက်ချင်း မတူတာတွေ့ရတယ်။ ဒီက ရောဂါဝေဒနာသည်တွေက ဆီးရောဂါနည်းနည်းလေးရှိလာရင် မပြသေးဘူး။ တော်တော် ဆိုးရွားနေတဲ့ အချိန်ကျမှ ကျွန်မတို့ဆီကို ရောက်လာတယ်။ တစ်ချို့က ဆီးထွက်ကျတယ်။ ဆီးခဏခဏသွားတယ်။ ဒါတွေကို ခွဲစိတ်ကုသမှမဟုတ်ပါဘူး။ တစ်ခြား နည်းလမ်းတွေဖြစ်တဲ့ တင်ပဆုံအားနည်းတာတွေကို လေ့ကျင့်ခန်းလုပ်ပေးတယ်။ သက်သာသွားတာလည်း ရှိနိုင်ပါတယ်။ ဆေးဝါးတွေလည်းရှိပါတယ်။ ခွဲစိတ်တဲ့နည်းလမ်းတွေမှာလည်း နိုင်ငံခြားပညာရှင်တွေနဲ့ပူးပေါင်းပြီး နောက်ဆုံးပေါ် ခွဲစိတ်ကုသမှုတွေနဲ့ဆို ရလာဒ်ကောင်းတွေ ရနိုင်ပါတယ်။ ဒီရောဂါက အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း ရောဂါစောစောတွေ့ရင် နိစ္စဓူဝအလုပ်တွေကို စိတ်ချမ်းသာစွာနဲ့ လုပ်နိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဆီးရောဂါနဲ့ပတ်သက်ရင် လာပြကြပါ။ အကူအညီတောင်းပါ။ ဆီးရောဂါဖြစ်တာ ရှက်စရာမဟုတ်ပါဘူး။ လာပြီးပြကြပါ။ အမျိုးသမီးထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်တွေ၊ သူနာပြုဆရာမတွေလည်း ပါပါတယ်။ သူနာပြုတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဒီရောဂါနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူနာပြုတွေ ပေါ်ထွန်းနေပါတယ်။ ကျွန်မတို့နိုင်ငံမှာလည်း ဒီလိုကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေဖြစ်အောင် မွေးထုတ်ပေးချင်ပါတယ်။ ဒီသင်တန်းမှာလည်း သူနာပြုတွေကို ဆီးအိမ်ကို ဘယ်လိုထိန်းပေးရမလဲ၊ ဆီးအိမ်နဲ့ ပတ်သက်ပြီး လူနာတွေကိုဘယ်လိုညွှန်ကြားပေးရမယ်ဆိုတဲ့ ပညာရပ်တွေကိုလည်း ထည့်သွင်းဆွေးနွေးမှာပါ။ သူနာပြုနဲ့ ဆရာဝန်တွေပူးပေါင်းပြီး ဆောင်ရွက်ပေးမှသာ ဆီးရောဂါနဲ့ သက်ဆိုင်ရာရောဂါတွေ ကုသမယ်ဆိုရင် ပိုပြီးရလဒ်ကောင်းတွေ ရလာ နိုင်မယ်လို့ ပြောချင်ပါတယ်”ဟု ဆေးရုံအုပ်ကြီးက ဆိုသည်။
သားဖွားမီးယပ်ပညာဌာန ပါမောက္ခဌာနမှူး ပါမောက္ခ ဒေါက်တာစမ်းစမ်းမြင့် ကလည်း “မီးယပ်ဆိုင်ရာ ဆီးရောဂါကို ကုသဖို့အတွက် အရေးကြီးတဲ့အလုပ်ရုံ ဆွေးနွေးပွဲဖြစ်ပါတယ်။ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲ မစခင်က သြစတြေးလျနိုင်ငံ Brisbane Hospital က မီးယပ်ဆိုင်ရာ ဆီးရောဂါကုပညာရှင်တွေ၊ ခွဲစိတ် ပညာရှင် တွေနဲ့ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ခု လုပ်ကြမယ်ဆိုပြီး သူတို့ကိုကမ်းလှမ်းတော့ လာလုပ်ပေးပါတယ်။ ဒါနဲ့ဆို ၅ ကြိမ်ရှိပြီ။ ဗဟိုအမျိုးသမီး ဆေးရုံကြီးက ပညာရှင်တွေအတွက် သူတို့က လက်တွေ့ ခွဲစိတ်ပြီး ပညာတွေကိုမျှဝေပေးပါတယ်။ ခက်ခဲတဲ့ခွဲစိတ်မှုတွေကိုလည်း အတူလုပ်ဆောင်ကြပါတယ်။ မီးယပ်ဆိုင်ရာ ဆီးလမ်းကြောင်းရောဂါသည်တွေ တော်တော်များလာပါတယ်။ အခုကျ သီးသန့်ကုပေးလို့ရတာပေါ့။ အရင်တုန်းက မီးယပ်ရောဂါသည်တွေကို ကုသတဲ့ ဌာနမှာပဲ ကုသပေးတာပါ။ ဒီသီးသန့်ဌာနလေးမှာ ဆီးအိမ်ကျတာတွေ၊ ဆီးမအောင့်နိုင်တာတွေ၊ ဆီးထွက် ကျတာတွေ ၊ ချောင်းဆိုးရင် ဆီးကျတာမျိုးတွေအတွက်ကိ်ု အထူးကုပေးတဲ့ဌာနကို လာဝိုင်းဝန်းပြီး သူတို့ရဲ့ အသိပညာ၊ အတတ်ပညာတွေကို မျှဝေပေးတာဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါတယ်။ အခြားကုသရေးဌာနတွေ အတွက်လည်း နိုင်ငံတကာက ပညာရှင်တွေဖိတ်ကြားပြီး အလုပ်ရုံဆွေးနွေးပွဲတွေ မှန်မှန်လုပ်တယ်။ ဒီမှာ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်တော့ ဒီကပညာရှင်တွေ အများကြီးတက်လို့ရပါတယ်။ နိုင်ငံတကာက အလုပ်ရုံဆွေးနွေးပွဲတွေကိုလည်း လွှတ်ပါတယ်။ မြန်မာနိုင်ငံက သားဖွားမီးယပ်ပညာရှင်တွေ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင် ပြည်တွင်းအတွေ့အကြုံသာမက ပြည်ပအတွေ့အကြုံတွေရရှိအောင် ကြိုးစားဆောင် ရွက်ပေးတာဖြစ်ပါတယ်။
"မီးယပ်ဆိုင်ရာ ဆီးရောဂါတွေကို ဗဟိုအမျိုးသမီးဆေးရုံကြီးက ကုသမှုတွေ ပေးနေပါတယ်။ အခုရက်လေးတွေ သတ်မှတ်ပြီး သီးသန့်ဌာနလေးမှာ ကုသပေးနေပါတယ်။ သားအိမ်ကျတာ၊ ဆီးအိမ်ကျတာ၊ ဆီးသွားရင်ခက်ခဲတာ စတဲ့ရောဂါနဲ့ ပတ်သက်ပြီး မီးယပ်ဆိ်ုင်ရာရောဂါတွေဖြစ်လာရင် လာခဲ့ပါ။ မီးယပ်ဆိုင်ရာ ဆီးရောဂါကို ကုသပေးတဲ့ ပြင်ပလူနာဌာနမှာ အပတ်စဉ် အင်္ဂါနေ့ မနက်တိ်ုင်း စစ်ဆေးပြီးတော့ ကုပေးနေပါတယ်။ ခွဲစိတ်ကုသမှုတွေကိုလည်း အပတ်စဉ် ကြာသပတေးနေ့တိုင်း လုပ်ဆောင်ပေးနေပါတယ်။ အသက်အရွယ်မရွေး ကုသမှု ခံယူကြပါ”ဟု ပြောသည်။
သတင်း၊ဓာတ်ပုံ-ရီရီမြင့်