ရန်ကုန် ၁၁ ဒီဇင်ဘာ
၇ ပေါင် ၇ အောင်စရှိ တတိယအကြိမ် ဖန်ပြွန်သန္ဓေသား မိန်းကလေးတစ်ဦးကို ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၌ ယနေ့နံနက် ၇ နာရီ ၄၉ မိနစ်တွင် ဗဟိုအမျိုးသမီး ဆေးရုံကြီး(ရန်ကုန်) ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာဒေါ်ခင်ပြုံးကြည် နှင့် သားဖွား/ မီးယပ်ပညာဌာန ပါမောက္ခဌာနမှူး ပါမောက္ခဒေါက်တာဒေါ်နွယ်မာထွန်းတို့ ဦးဆောင်မှုဖြင့် ပါမောက္ခဒေါက်တာဒေါ်ခင်လတ်၊ ခွဲစိတ်ဆရာဝန်ကြီးများနှင့် ဆရာမ များက အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးခဲ့ကြောင်း သိရသည်။

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်ပြုံးကြည်က “ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)မှာ Fertility Centre ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ကစပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီ စင်တာကနေ ဖန်ပြွန်သန္ဓေသားမွေးဖွားပေးတာ ဒီနေ့မွေးတာပါဆိုရင် တတိယမြောက် အောင်မြင်စွာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ Fertility Centre မှာဆိုရင် ကျွမ်းကျင်တဲ့ သားဖွား/မီးယပ် ပါမောက္ခဆရာဝန်ကြီးတွေ ဦးဆောင်ပြီး ဆရာမတွေ၊ ကျွမ်းကျင်တဲ့ ဓာတ်ခွဲခန်း ဝန်ထမ်းတွေက ပထမဦးဆုံး သားသမီးမရရှိနိုင်တဲ့ ဇနီးမောင်နှံတွေ ဘာကြောင့် သားသမီးမရရှိနိုင်လဲဆိုတာ စစ်ဆေးမေးမြန်းရပါတယ်။ ရောဂါရာဇဝင်ကို မေးကြတယ်။ သားသမီးမရတဲ့ အကြောင်းရင်းကို ရှာတယ်။ ဒုတိယ အဆင့်က သားသမီး ရရှိဖို့အတွက် ကူညီတဲ့အဆင့် ၊ သဘာဝအတိုင်း ရရှိဖို့အတွက် တိုင်ပင်ဆွေးနွေးခြင်းနဲ့ ကလေးရသွားတာတွေလည်းရှိပါတယ်။ နောက်တစ်ဆင့်က မျိုးဥကြွေဆေးကို ကျွေးပြီး သဘာဝအတိုင်းပဲ ကလေးရအောင် ကူညီပေးတာရှိပါတယ်။ အဲဒီလိုမျိုးနဲ့မှမရဘူးဆိုရင် IUI ဆိုတာ သန့်စင်ပြီးတဲ့ ဖခင်ရဲ့သုတ်ပိုးကို မိခင်ရဲ့ သားအိမ်ထဲကို အချိန်တန်ရင် တိုက်ရိုက်ထည့်ပေးတာ။ အဲဒီနည်းနဲ့လည်း သားသမီးရအောင် ဆောင်ရွက်ပေးပါတယ်။ နောက်တစ်ဆင့်က ဒီနေ့ အောင်မြင်စွာမွေးဖွားပေးခဲ့တဲ့ ဖန်ပြွန်သန္ဓေသားနည်းပါပဲ။ နောက်တစ်မျိုးက အမျိုးသားရဲ့သုတ်ပိုးကို အမျိုးသမီးရဲ့ သန့်စင်ပြီးတဲ့ သားအိမ်ထဲကို သားဥကြွေမယ့် အချိန်မှာ ထည့်ပေးတဲ့နည်း။ နည်းမျိုးစုံနဲ့ ကျွန်မတို့က ဒီလုပ်ငန်းကို ဆောင်ရွက်ပေးနေပါတယ်။
ဖန်ပြွန်သန္ဓေသားနည်းကို အရင်ဆုံးစပြီး မရွေးချယ်ခိုင်းပါဘူး။ အလွယ်ဆုံးနည်းက အကြောင်းမရှိဘဲ ကြန့်ကြာနေတဲ့ ဇနီးမောင်နှံတွေ သဘာဝအတိုင်း တိုင်ပင်ဆွေးနွေး ရင်းနဲ့ ရသွားတဲ့သူရှိပါတယ်။ တချို့ကလည်း အိမ်ထောင်ကျတာ နောက်ကျနေပြီး အဲဒီအခါကျတော့ တစ်ဆင့်ပြီး တစ်ဆင့် လုပ်နေတဲ့အချိန်ဆိုရင် ကြာနိုင်တယ်။ ဖန်ပြွန် သန္ဓေသားနည်းကို သဘာ၀ အတိုင်းမရတော့မှ သုံးပါတယ်။ ဖန်ပြွန်သန္ဓေသား နည်းက နည်းပညာတွေ ကလည်း အဆင့်ဆင့်ရှိတယ်၊ အဆောက်အဦ စက်ပစ္စည်းတွေက သုံးစွဲ ရတာ အလွန်ကျယ်ပြန့်ပါတယ်၊ ဒါကြောင့် ဖန်ပြွန်သန္ဓေသားက တော်တော်လေး နည်းပညာ ဆန်းသစ်တယ်၊ ဆေးရုံတိုင်းမှာလည်း မလုပ်နိုင်ပါဘူး၊ ကျွန်မတို့ရဲ့ဗဟိုအမျိုး သမီးဆေးရုံကြီးက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နိုင်ငံပိုင်ဆေးရုံကြီးဖြစ်တယ်။ ဒီဆေးရုံကြီးမှာ ဖန်ပြွန်သန္ဓေသားလုပ်ဖို့ဆိုတာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ပံ့ပိုးမှုရယ်၊ ပထမဦးဆုံး ကျွန်မတို့ရဲ့ဗဟိုအမျိုးသမီး ဆေးရုံကြီးက သားဖွား/မီးယပ် အထူးကု ဆရာဝန်ကြီးတွေ၊ ပညာရှင်တွေနဲ့ပူးပေါင်းပြီး နိုင်ငံခြားက ပညာရှင်တွေကို ဖိတ်ခေါ်တယ်၊ ကျွန်မတို့ကလည်း နိုင်ငံခြားကိုလွှတ်ပြီး နည်းပညာတွေကို ဖလှယ်တယ်။ အဲဒီလိုမျိုး ရရှိလာတဲ့နည်းတွေထဲက ဒီ ဖန်ပြွန်သန္ဓေသားနည်းကို တက်လှမ်းခဲ့တာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဆက်လက်၍ “ကျွန်မတို့ဆေးရုံရဲ့ Fertility Centre မှာ ဖန်ပြွန်သန္ဓေသားနည်းနဲ့ သန္ဓေတည်ဖို့ဆိုရင် သာမန်ဆေးခန်းတွေ၊ ဆေးရုံတွေမှာ ဆောင်ရွက်လို့မရပါဘူး။ နည်းပညာလည်း အလွန်လိုအပ်ပါတယ်။ ဒီဆေးရုံမှာ စိန်ခေါ်မှုက အဆောက်အဦပိုင်း ဆိုင်ရာ၊ စက်ပစ္စည်းကိရိယာပိုင်းဆိုင်ရာတွေက နိုင်ငံတကာတွေမှာ ဖန်ပြွန်သန္ဓေသား ဌာနတွေမှာ တော်တော်ကို အဆင့်အတန်းမီတာကြောင့် ဖန်ပြွန်သန္ဓေသားနည်းက အောင်မြင်ကြတယ်။ ကျွန်မတို့မှာရှိတဲ့ ပညာရှင်တွေကလည်း နိုင်ငံတကာမှာရှိတဲ့ ပညာရှင်တွေနဲ့ပူးပေါင်းပြီး ပညာရှင်အဆင့်က တော်တော်လေး အဆင့်အတန်းမီလာပါပြီ။ ပထမဦးဆုံး ဖန်ပြွန်သန္ဓေသားတုန်းက တရုတ်နိုင်ငံ ဟိုင်နန် တက္ကသိုလ်က ပညာရှင် တွေနဲ့ပေါင်းပြီး သန္ဓေသားရအောင် ဆောင်ရွက်ခဲ့တာပါ။ ဒုတိယအကြိမ်နဲ့ အခု တတိယအကြိမ်မှာ ကျွန်မတို့ပညာရှင်တွေ ကိုယ်တိုင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါ အခက်အခဲက ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက စက်ပစ္စည်း ကိရိယာတွေကို အများကြီးထောက်ပံ့ပေးထားပါတယ်။ ဒီထက်ပိုကောင်းတဲ့ စက်ပစ္စည်း ကိရိယာတွေနဲ့ဆိုရင် သန္ဓေသားလေးတွေ မွေးဖွား အောင်မြင်မှုနှုန်းကလည်း ပိုမို တိုးတက်လာနိုင်တယ်လို့ နိုင်ငံခြားပညာရှင်တွေကလည်း အမြဲတမ်းအကြံပြု ဆွေးနွေး ပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့ကြတော့ ပြည်သူတွေ အားလုံး အတွက် အခြေခံဆေးဝါးလိုအပ်ချက်တွေကို အမြဲတမ်းထောက်ပံ့ရတယ်။ ဒီဆေးဝါး တွေကို အခမဲ့ပေးနိုင်ဖို့အတွက် ထောက်ပံ့ရတဲ့အတွက်ကြောင့် ဖန်ပြွန်သန္ဓေသားမှာ သုံးတဲ့ ခေတ်မီတဲ့စက်ပစ္စည်းကိရိယာတွေကို ထောက်ပံ့မှုအချိန်အတိုင်းအတာတစ်ခု ကျွန်မတို့ စောင့်ရမှာပါ။ ဖန်ပြွန်သန္ဓေသားနည်းနဲ့ပတ်သက်တဲ့ ဆေးဝါးတွေကိုတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို တင်ပြ ခွင့်ပြုချက်တောင်းပြီး အခမဲ့ ပေးနိုင်ခြင်း မရှိသေးပါဘူး။ ဖန်ပြွန်သန္ဓေသားနဲ့ပတ်သက်တဲ့ စက်ပစ္စည်းဖိုးရယ်၊ ပညာရှင် တွေရယ်၊ နေ့တိုင်း ပြင်ပလူနာဌာနမှာ အခမဲ့ ကြည့်ပေးနေပါတယ်။ အဲဒီမှာသုံးတဲ့ ဆေးဝါးတွေက အခြေခံ ဆေးဝါးတွေမဟုတ်တဲ့အတွက်ကြောင့် ဒီဆေးဝါးဖိုးကိုတော့ သားသမီးလိုချင်တဲ့ မိဘတွေက ကျခံရမှာပါ၊ တစ်ယောက်နဲ့ တစ်ယောက် ဆေးဝါးနဲ့ ဆေးထိုးရတဲ့အဆင့် ကွာခြားတဲ့အတွက် ကုန်ကျစရိတ်ကလည်း မတူညီကြပါဘူး”ဟု ဆေးရုံအုပ်ကြီးက ပြောသည်။
ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) Fertility Centre ၌ သားသမီးမရနိုင်သည့် ဇနီးမောင်နှံများအတွက် သဘာဝအတိုင်းရရှိရန် တိုင်ပင်ဆွေးနွေး အသိပညာ ပေးလမ်းညွှန်ခြင်း၊ မျိုးဥကြွေဆေး ကျွေး၍ သဘာဝအတိုင်းရရှိရန်ကူညီခြင်း၊ သားအိမ် အတွင်းသို့ သန့်စင်ပြီး သုတ်ပိုးထည့်ပေးခြင်း၊ ဖန်ပြွန်သန္ဓေသား ထည့်ခြင်း၊ အမျိုးသမီး သားဥအတွင်းသို့ အမျိုးသားသုတ်ပိုးကို Micro Needle ဖြင့် ထည့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တတိယမြောက် ဖန်ပြွန်သန္ဓေသား သမီးကလေး၏ ဖခင်ဖြစ်သူ ကိုလေးအောင်က “ကျွန်တော်တို့က ရန်ကုန်မြို့ လှည်းတန်းကပါ၊ မိခင်က မဝင်းဝင်းထွေး အသက် ၃၅ နှစ်ပါ၊ ၂၀၁၁ ခုနှစ်မှာ အိမ်ထောင်ကျပါတယ်။ ဒီဆေးရုံမှာ သားသမီးရအောင် လုပ်လို့ရတယ် ဆိုလို့ ကြိုးစားကြည့်တာ၊ ပထမက သားအိမ်ထဲကို သန့်စင်တဲ့သုတ်ပိုးကို ထည့်တဲ့ (IUI) နည်းနဲ့လုပ်တယ်၊ အဆင်မပြေဘူး၊ အဲဒါနဲ့ ဒီ ဖန်ပြွန်သန္ဓေသား(IVF)နည်းနဲ့လုပ်တာ လေးခါမြောက်မှ အောင်မြင်တယ်။ သုံးနှစ်လောက် ကြိုးစားရတယ်။ အခု ဒါက သမီးဦးလေးပါ၊ မိခင်ရော ကလေးပါ ကျန်းမာကြတယ်။ ဖန်ပြွန်သန္ဓေသားဆိုတော့ သာမန်ကလေးတွေ ထက်ပိုပြီး ဂရုစိုက်ရပါတယ်။ ဒီဆေးရုံက ဆရာဝန်ကြီးတွေ၊ ဆရာမတွေကလည်း အလွန် ဂရုစိုက်ပါတယ်။ အခုလိုကလေးရတော့ ဝမ်းသာ ပျော်ရွှင်မိပါတယ်။ ကလေးလိုချင်ရင် ဒီစင်တာမှာ လာရောက်ပြသစေချင်ပါတယ်။ ဇွဲမလျော့ပါနဲ့လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) Fertility Centre ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင်ဖွင့်လှစ်ခဲ့ပြီး ပထမအကြိမ် ဖန်ပြွန်သန္ဓေသားကို ၂၀၁၈ ခုနှစ် ဇွန် ၁၂ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန် ဆေးတက္ကသိုလ်မှ ပညာရှင် များနှင့်ပူးပေါင်း၍ အောင်မြင်စွာ မွေးဖွားပေးခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ဒုတိယအကြိမ် ဖန်ပြွန်သန္ဓေသားနှင့် ယနေ့တွင် တတိယအကြိမ် ဖန်ပြွန်သန္ဓေ သားတို့ကို ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)မှ ပညာရှင် ပါမောက္ခ ဆရာဝန်ကြီးများနှင့် ဆရာဝန်၊ ဆရာမများက အောင်မြင်စွာ မွေးဖွားခဲ့ကြောင်း သိရသည်။
သတင်းဆောင်းပါး၊ ဓာတ်ပုံ - ရီရီမြင့်