၂ ဒီဇင်ဘာ

 

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ငါးထပ်ဆောင်သစ်ကြီးကို ၂ဝ၁၈ ခုနှစ် ဇူလိုင် ၂ဝ ရက်က ဖွင့်လှစ်နိုင်ခဲ့ပြီး အရေးပေါ်ဌာန၊ သားဖွားခန်း၊ ခွဲစိတ်ခန်းများမှ နိုဝင်ဘာ ၂၆ ရက်မှစတင်၍ ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ာိည

 

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ငါးထပ်ဆောင်သစ်ကြီး၏ မြေညီထပ်တွင် အရေးပေါ်ဌာန၊ နေ့ပိုင်း စောင့်ကြပ်ကြည့်ရှုရန် လိုအပ်သောလူနာများကို ကုသပေးရန်ဌာန၊ ကိုယ်ဝန်နုစဉ် သွေးဆင်း၊ ဗိုက်နာသောလူနာများကို ကြည့်ရှုကုသပေးသောဌာန၊ တယ်လီဗေးရှင်းနှင့် ကွန်ပျူတာ ဓာတ်မှန်ဌာန၊ သွေးလှူဘဏ်နှင့် ၂၄ နာရီဓာတ်ခွဲခန်း၊ ပထမထပ်တွင် သားဖွားခန်း၊ ကိုယ်ဝန်ဆောင် လူနာခန်းများ၊ မွေးပြီးစ လူနာခန်းများဆောင်၊ ဒုတိယထပ်တွင် အထူးကြပ်မတ်ကုသဆောင်၊ ခွဲစိတ်ပြီး မွေးလူနာဆောင်၊ တတိယထပ်တွင် ခွဲစိတ်ခန်းများ၊ ခွဲစိတ်ပြီးစ လူနာခန်း၊ စတုတ္ထထပ်တွင် ဆေးရုံအုပ်ကြီး ရုံးခန်း၊ ဆေးရုံအုပ်ကြီးရုံးအဖွဲ့၊ အစည်းအဝေးခန်းမများ၊ စာသင်ခန်းများ၊ ဘုရားခန်းများ ပါဝင်ကြောင်း သိရသည်။

 

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ငါးထပ်ဆောင်သစ်ကြီး ကျန်းမာရေးဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာခင်ပြုံးကြည်အား မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

 

မေး ။ ။ ဗဟိုအမျိုးသမီးဆေးရုံ ငါးထပ်ဆောင်သစ်ကြီးကို ထပ်မံတိုးချဲ့ ဖွင့်လှစ်ထားတယ်။ ဒီနေ့မှာ လူနာတချို့ကို ပြောင်းရွှေ့ပြီး ဆေးကုသမှု ခံယူစေနေတယ်လို့ သိရပါတယ်။ လူနာဘယ်နှဦးလဲ၊ ဘယ်လိုရောဂါမျိုးကို ပြောင်းရွှေ့ကုသ စေတာပါလဲ။

 

ဖြေ ။ ။ အဆင့်မြင့် ငါးထပ်ဆောင်ကြီးမှာ နိုဝင်ဘာလ ၂၆ ရက်နေ့က စပြီးတော့ လူနာတွေကို ပြောင်းရွှေ့ကုသခဲ့ပါတယ်။ ကုသတဲ့လူနာတွေက အဓိကကတော့ ပထမထပ်မှာဆိုရင် သားဖွားခန်းတွေရှိပါတယ်။ ရိုးရိုးမွေးဖွားမယ့် လူနာတွေကို ကုသပေးပါတယ်။ တတိယထပ်မှာ ခွဲစိတ်ခန်း ခုနစ်ခန်းရှိပါတယ်။ ခွဲစိတ်ခန်း ခုနစ်ခန်းမှာ စီစဉ်ပြီးခွဲစိတ်တဲ့ ဗိုက်ခွဲပြီးမွေးဖွားတဲ့ လူနာတွေရယ်၊ ၂၄ နာရီ အရေးပေါ် ဗိုက်ခွဲမွေးဖွားတဲ့ မွေးလူနာတွေကို ကုသပေးပါတယ်။ ဒါ့အပြင် ခွဲစိတ်ခန်းခုနစ်ခန်းက တချို့ခွဲ စိတ်ခန်းတွေမှာ မီးယပ်ဝေဒနာရှင်တွေကိုလည်း ခွဲစိတ်ကုသခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ အောက်ဆုံးထပ်မှာ အရေးပေါ်ဌာနရှိပါတယ်။ 

 

အရေးပေါ်ဌာနက အရင်က ဒီဘက်က အဆောင်မှာပါ။ အခုတော့ အရေးပေါ် ဌာနကိုလည်း ငါးထပ်ဆောင်ကြီး အောက်ဆုံးထပ်မှာ နိုဝင်ဘာလ ၂၆ ရက်နေ့က စပြောင်းရွှေ့ပြီး အရေးပေါ်အကြောင်းကြောင်းကြောင့် ဆေးရုံတက်ရမယ့်လူနာတွေကိုလည်း ဒီအရေးပေါ်ဌာနကတစ်ဆင့် ဆေးရုံတင်ခြင်းလုပ်ငန်းကို လုပ်သလိုပဲ အရေးပေါ် ဗိုက်နာလို့သော် လည်းကောင်း၊ သွေးဆင်းလို့သော် လည်းကောင်း၊ သားပျက်သားလျှောသော် လည်းကောင်း ရောက်လာတဲ့လူနာတွေကိုလည်း ဒီအရေးပေါ်ဌာနက လက်ခံပြီးတော့ သက်ဆိုင်ရာ လူနာဆောင်အသီးသီးကို တင်ပေးပါတယ်။ ဒီအောက်ဆုံးထပ်မှာပဲ ၂၄ နာရီ ဓာတ်ခွဲခန်းလည်း ရှိတယ်။ ဓာတ်မှန်ဌာနအနေနဲ့ CT ဓာတ်မှန်ဌာန၊Ultrasound ရိုက်ကူးရေးကိုလည်း ဆောင်ရွက်ပေးနေပါတယ်။

 

မေး ။ ။ အရင် ဆေးရုံဟောင်းအဆောင်တွေကို ဘယ်လိုထားရှိ ဆောင်ရွက်သလဲဆိုတာလည်း သိချင်ပါတယ်။

 

ဖြေ ။ ။ အရင် ဆေးရုံအဟောင်းမှာ အခုလက်ရှိ (A)ဆောင် ပထမထပ်မှာ မူလအတိုင်းပါပဲ။ ဆေးရုံကြိုတင်ရတဲ့လူနာတွေကို ထားရှိပေးပါတယ်။ အဲဒီအပေါ် တတိယထပ်က ခွဲစိတ်မွေးဖွားတဲ့ လူနာတွေထားတာပါ။ အဲဒီအထပ်မှာ ရိုးရိုးမွေးဖွားပြီးတော့ ဒုတိယ၊ တတိယရက်တွေပေါ့။ အဲဒီ လူနာတွေစိတ်ချရရင် အဲဒီဘက်မှာ ရွှေ့ပြီး ကုသပေးပါတယ်။

 

မေး။ ။ အခုလူနာတစ်ဦးက ဗဟိုအမျိုးသမီးဆေးရုံမှာ ဆေးလာကုမယ်ဆိုရင် အဟောင်းကို သွားရမလား၊ အသစ်ကိုသွားရမလား ပြည်သူလူထုကိုသိအောင် ရှင်းပြပေးစေလိုပါတယ်။

 

ဖြေ ။ ။ ဘယ်လူနာမဆို ဆေးရုံတက်ရမယ့် လူနာတွေဆိုရင် ငါးထပ်ဆောင်ကြီး အောက်ဆုံးထပ်မှာရှိတဲ့ အရေးပေါ်ဌာနကိုပဲ လာရမှာပါ။ ပြင်ပလူနာဌာနကတော့ မူလအတိုင်းရှိပါတယ်။ ပြောချင်တာက အရေးပေါ်ဌာနကတော့ ငါးထပ်ဆောင်ကြီးရဲ့ အောက်ဆုံးထပ်မှာ ရှိပါတယ်။

 

မေး။ ။ ဆေးဝါးကုသပေးတဲ့အပိုင်းနဲ့ ပတ်သက်ပြီးတော့ အရင်အတိုင်း အခမဲ့ ပဲလားရှင့်။

 

ဖြေ ။ ။ ဆေးဝါးကုသရေးမှာ အခြေခံဆေးဝါးတွေကိုတော့ အခမဲ့ ကုသပေးပါတယ်။ ဒီထဲမှာမှ အရေးကြီးတဲ့ဆေးဝါးတွေ၊ ဆေးရုံမှာ မရှိတဲ့ ဆေးဝါးတချို့ကိုတော့ ဆေးရုံအထောက်အကူပြု ဆေးဆိုင်ရှိတယ်။ အဲဒီမှာ အလွယ်တကူဝယ်ယူနိုင်ဖို့ စီစဉ်ပေးထားပါတယ်။

 

မေး။ ။ အခုလို ငါးထပ်ဆောင်သစ်ကြီးမှာ လူနာတွေကို လက်ခံကုသပေးနေပြီဆိုတာနဲ့ပတ်သက်ပြီး ပြည်သူကို ဘာများmessage ပေးချင်ပါသလဲ။

 

ဖြေ။ ။ ကျွန်မအနေနဲ့ ပြည်သူလူထုကိုmessage ပေးချင်တဲ့ အကြောင်းအရာကတော့ ကျွန်မတို့ ဗဟိုအမျိုးသမီးဆေးရုံကြီးက ဆင်းရဲချမ်းသာမရွေး ကိုယ်ဝန်ဆောင်မိခင်တွေရော၊ မီးယပ်ဝေဒနာရှင်ရော အားလုံးကိုကုသပေးတဲ့ ဆေးရုံကြီးပါ။ ကျွန်မတို့ဆေးရုံကြီးက မြန်မာနိုင်ငံမှာဆိုရင် သားဖွားမီးယပ်ရောဂါ အထူးကု ဆေးရုံကြီးပါ။ နိုင်ငံတကာအဆင့်မီအောင်လည်း ကျွန်မတို့အနေနဲ့လည်း ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ ဒါကြောင့် ဗဟိုအမျိုးသမီးဆေးရုံမှာ ဆရာဝန်၊ ဆရာမတွေ အားလုံးကနေပြီး အမျိုးသမီးထုရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးရတဲ့အတွက်ကြောင့် ဝမ်းသာဂုဏ်ယူမိပါတယ်လို့ ပြောချင်ပါတယ်။

 

မေး။ ။ သားဆက်ခြားနဲ့ သားသမီးလိုချင်ရင် ဒီဆေးရုံမှာ လာရောက်ကုသရင်ရော ရပါသလား။

 

ဖြေ ။ ။ ပုံမှန်အားဖြင့် သားဆက်ခြားဆေးပေးခန်းကတော့ အဆောင်ဟောင်း ပြင်ပလူနာဌာနမှာရှိပါတယ်။ ဒီဘက်က အဆောင်ကတော့ အောက်ဆုံးထပ်မှာ အရေးပေါ်ဌာန၊ တစ်ခါတလေ မွေးလူနာတွေ စိတ်ပူပြီးလာကြတယ်၊ စိတ်ပူပြီး ကလေးသိပ်မလှုပ်လို့၊ ခေါင်းကိုက်လို့၊ အဲဒါမျိုးတွေဆိုရင် ကျွန်မတို့ကတစ်ခါတလေကျရင် အရေးပေါ်ဌာနမှာ ကြည့်လိုက်တယ်။ ကြည့်လိုက်ပြီး ဆေးရုံတင်ဖို့လည်း မလိုဘူး။ ဒါပေမယ့်လည်း တစ်နေ့လောက်၊ ခဏစိတ်ချရတဲ့အထိလည်း ထားစေချင်တယ်။ ကျွန်မတို့အနေနဲ့လည်း ဆန္ဒရှိတယ်။ ချက်ချင်းလည်း ပြန်မလွှတ်ချင်တဲ့ အခါကျရင် ကျွန်မတို့က နေ့ပိုင်းစောင့်ကြပ် ကြည့်ရှုဖို့လိုအပ်တဲ့ လူနာတွေကို ကုသပေးတဲ့ဌာနလည်း ရှိပါတယ်။ နောက်တစ်ခု ကိုယ်ဝန်နုစဉ် သွေးဆင်း၊ ဗိုက်နာတဲ့ လူနာတွေကို ကြည့်ရှုကုသပေးတဲ့ဌာနမှာ ကိုယ်ဝန်ဆောင်မိခင်တွေက သွေးဆင်း၊ ဗိုက်နာအကြောင်း ကြောင်းကြောင့် ရောက်လာရင်လည်း ကျွန်မတို့က Ultrasound တွေ ကြည့်ပြီး လုပ်တယ်။ စိတ်ချရတဲ့အထိထားရှိပြီး စိတ်ချရင် အိမ်ပြန်လွှတ်တယ်။ နေ့ပိုင်း စောင့်ကြပ်ကြည့်ရှုဖို့ လိုအပ်တဲ့လူနာတွေကို ကုသပေးတဲ့ဌာနတို့၊ ကိုယ်ဝန်နုစဉ် သွေးဆင်း၊ ဗိုက်နာတဲ့ လူနာတွေကို ကြည့်ရှုကုသပေးတဲ့ ဌာနတွေက ဗဟိုအမျိုးသမီး ဆေးရုံကြီးမှာ ပထမဆုံးထားရှိပြီး ကုသပေးမှာ ဖြစ်ပါတယ်။ 

 

မေး ။ ။ အမျိုးသမီးနဲ့ ပတ်သက်တဲ့ရောဂါ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်း ကင်ဆာတို့ကာကွယ်မှုအပိုင်း၊ ကုသမှုအပိုင်းတွေကို ဘယ်လိုဆောင်ရွက်ပေး တယ်ဆိုတာ ရှင်းပြပေးပါ။

 

ဖြေ ။ ။ အမျိုးသမီးတွေ ရင်သားကင်ဆာ ကာကွယ်ရေးအပိုင်းမှာ မိမိကိုယ်တိုင် ဘယ်လိုစမ်းသပ်ရမလဲဆိုတာကိုလည်း ဆရာဝန်တွေက သင်ကြားပြသ ပေးတဲ့အပြင် ဂိုက်လိုင်းတွေလည်း ရှိပါတယ်။ ဘယ်လိုအသက်အရွယ် အမျိုးသမီးတွေကို ရင်သားကင်ဆာမဖြစ်ခင်ကတည်းက ကြိုတင်ပြီးတော့early state တကယ်လို့ ဖြစ်နေရင် စောစောစီးစီးသိရအောင် မယ်မိုဂရမ် ရိုက်ကူးပေးပါတယ်။ အဲဒါက ပြင်ပလူနာဌာနမှာ ရှိပါတယ်။ အဲဒီလိုပဲ အမျိုးသမီးထဲမှာ အဖြစ်အများဆုံးဖြစ်တဲ့ သားအိမ် ခေါင်းကင်ဆာအတွက် ရှေ့ပြေးအဆင့်ကို ကုသပေးတဲ့ ဆေးခန်းရှိပါတယ်။ သက်ဆိုင်ရာ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးတွေက ဦးဆောင်ပြီးတော့ ဖွင့်လှစ်ထားတာ ရှိပါတယ်။ အဲဒါက ပြင်ပလူနာဌာနမှာပါ။ 

 

မေး ။ ။ ငါးထပ်ဆောင်ကြီး တိုးချဲ့လိုက်တဲ့အတွက် လူနာဦးရေတိုးတက်လာမှု အတိုင်းအတာလေးလည်း သိပါရစေ။

 

ဖြေ ။ ။ ငါးထပ်ဆောင်ကြီးကို ဖွင့်လိုက်တဲ့အတွက် လူနာခုတင် ၂ဝဝ လောက် အနည်းဆုံးတိုးချဲ့ပြီး ကုသနိုင်ပါတယ်။ ဗဟိုအမျိုးသမီးဆေးရုံကြီးက ခုတင် ၈ဝဝ ဆံ့ ဆေးရုံကြီးပါ။ ဒီဘက်မှာ ၈ဝဝ ထက် မကပါဘူး။ အဲဒီအခါကျတော့ ကျွန်မတို့ ဒီဘက်မှာ ခုတင် ၈ဝဝ ရယ်၊ ဟိုဘက်က ခုတင် ၂ဝဝ စုစုပေါင်း ခုတင် ၁ဝဝဝ ဆံ့ ဆေးရုံ ကြီးတော့ ဖြစ်လာပါပြီ။ 

 

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ ။

 

သတင်း - ရီရီမြင့်၊ ဥမ္မာသန့်၊ ဓာတ်ပုံ - ကိုမျိုး