နေပြည်တော်  ၂၈  အောက်တိုဘာ

 

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားနေသည့်ကာလအတွင်း ဘိုးဘွားရိပ်သာများတွင် လက်ခံစောင့်ရှောက် ထားသော သက်ကြီးရွယ်အိုများအား စနစ်တကျပြုစုစောင့်ရှောက်ရေးနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို  ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရိပ်သာတာဝန်ခံများ၊ တိုင်းဒေသကြီး/ ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လက်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဖြစ်ပွားနေကြောင်း၊ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံနေရသူများလည်းရှိကြောင်း၊ ထို့ကြောင့် မိမိပတ်ဝန်းကျင်တွင် ရောဂါပိုးရှိသည်ဟု မှတ်ယူပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်ဖြစ်ကြောင်း၊ အသက်အရွယ်ကြီးရင့်သူများအနေဖြင့် ရောဂါပိုးကူးစက်ခံရပါက အသက်အန္တရာယ် ရှိနိုင်ပါကြောင်း၊ ထို့ကြောင့် သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ရာတွင်  နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဘိုးဘွားရိပ်သာ တာဝန်ရှိသူများအနေဖြင့်လည်း လိုအပ်သည့် ကာကွယ်ခြင်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းမျဉ်း/ စည်းကမ်းများ၊ သတ်မှတ်ညွှန်ကြားချက်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြုစုပေးပို့ထားသော စံလုပ်ငန်း လမ်းညွှန်အတိုင်း စနစ်တကျ အကောင်အထည်ဖော်လိုက်နာ ဆောင်ရွက်ကြမှသာ ကိုဗစ်-၁၉ ကာလအတွင်း ဘိုးဘွားများ အန္တရာယ်ကင်းမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး က ဘိုးဘွားရိပ်သာများတွင် လက်ခံစောင့်ရှောက်ပေးထားသော သက်ကြီးရွယ်အိုများကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြုစုစောင့်ရှောက်ရန် စံလုပ်ငန်းလမ်းညွှန်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ရိပ်သာတာဝန်ခံများက မိမိတို့သိရှိလိုသည်များနှင့် လုပ်ငန်းလိုအပ်ချက်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကိုဗစ်-၁၉ ကာလအတွင်း ထောက်ပံ့ကြေးငွေ ခံစားရရှိသော မသန်စွမ်း သက်ကြီးဘိုးဘွားများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်း အခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူ့ဘဝစက်ဝန်းတစ်လျှောက် ပဋိသန္ဓေ တည်စမှစ၍ သက်ကြီးရွယ်အိုအထိ လူတစ်ဦးချင်း၏ အခွင့်အရေးကို ခံစားရရှိနိုင်ရန် မူဝါဒ၊ ဉပဒေများချမှတ်၍ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ၂၀၁၆ သက်ကြီးရွယ်အိုဥပဒေအရ အကျုံးဝင်သော သက်ကြီးရွယ်အို အားလုံး  သာတူညီမျှခံစားရရှိစေရန် လစဉ်လူမှုရေးပင်စင်ကို ပေးအပ်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း လစဉ်ခံစားရရှိသည့် လူမှုရေးပင်စင်အပြင်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ဘဏ္ဍာငွေမှ အသက် (၆၀)နှင့်အထက် မသန်စွမ်းသူဘိုးဘွားများနှင့် ခိုကိုးရာမဲ့ဘိုးဘွားများ စုစုပေါင်း (၃,၃၉၇) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် သုံးသောင်း ၃၀,၀၀၀ နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ ငွေကျပ် ၁၀၁ ဒသမ ၉ သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ကာလအတွင်း ငွေကြေးထောက်ပံ့မှု ခံစားရရှိသည့်အပြင် ဘိုးဘွားများအန္တရာယ် ကင်းစေရန်လည်း အသိ၊ သတိဖြင့် နေထိုင်ခြင်း၊  မိသားစုဝင်များနှင့် သက်ကြီးရွယ်အိုများကို ကူညီစောင့်ရှောက်ပေးနေကြသူများကလည်း သက်ကြီးရွယ်အိုများအပေါ် အထူးအလေး ထားစောင့်ရှောက်ပေးကြရန် လိုအပ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ နေထိုင်ကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာသက်ကြီး ချိတ်ဆက်ကွန်ရက်အဖွဲ့၊ မြန်မာသက်ကြီးအဖွဲ့ချုပ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုစောင့်ရှောက်ရေးအဖွဲ့၊ သက်ကြီးရွယ်အိုများထောက်ပံ့ ကြေးရရှိရန် ပံ့ပိုးကူညီကြသူများနှင့် အမြင်အာရုံနှင့် ကိုယ်အင်္ဂါ မသန်စွမ်းသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်