ဘိုးဘွားတွေရဲ့ကောင်းမွေကို ဆက်ခံဖြန့်ဝေနိုင်တာ လူရည်ချွန်တွေပါ

 

 

ဒေါက်တာမောင်သင်း

 

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၌ လူရည်ချွန်စီမံကိန်းကို ပညာရေးဝန်ကြီးဌာနက ၁၉၆၄ ခုနှစ်တွင် စတင်ကာ သတ္တမတန်းမှ ဒသမတန်းအထိ ရွေးချယ်ခဲ့သည်။ နောက်နှစ်များတွင် တက္ကသိုလ်ကောလိပ်သိပ္ပံများမှ ကျောင်းသားကျောင်းသူများကိုပါ တိုးမြှင့်ရွေးချယ်ခဲ့ပြီး လူရည်ချွန်စီမံကိန်းကို ၁၉၈၈ ခုနှစ်အထိ နှစ်စဉ်အကောင်အထည်ဖော်ခဲ့သည်။

 

စုစုပေါင်းလူရည်ချွန် ၇၉၀၈ ဦး ပေါ်ထွန်းခဲ့သည်။ လူရည်ချွန်ရွေးချယ်ရာတွင် ပညာရေးထူးချွန်မှု သာမက အားကစား၊ စာရိတ္တ၊ ပညာရေး လက်တွေ့ ဖွံ့ဖြိုးမှုလုပ်ငန်းများ၊ လူမှုရေးနှင့် ဝါသနာပါရာ အသင်းအဖွဲ့လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှု တို့ကိုပါ ထည့်သွင်းသတ်မှတ်ထားသည်။ မြို့နယ် အဆင့်၊ ခရိုင်အဆင့်တွင် ကျောင်းသင်ဘာသာရပ် များအပြင် အထွေထွေဗဟုသုတကို ရေးဖြေ ဖြေဆို ခြင်း၊ ကာယကြံ့ခိုင်စွမ်းရည် လက်တွေ့စစ်ဆေးခြင်း၊ လူတွေ့နှုတ်မေးစစ်ဆေးခြင်းတို့ ကျော်ဖြတ်ပြီးမှ အတန်းတစ်တန်းအတွက် “ခရိုင်တစ်ခုလျှင် လူရည်ချွန်တစ်ဦးသာ ရွေးချယ်ခဲ့သည်။

 

ရွေးချယ်ခံရသူများကို နွေရာသီတွင် ငပလီ၊ အင်းလေးစခန်းများတွင် အပန်းဖြေစေပြီး ဒေသ အလိုက် လေ့လာရေးခရီးများ သွားရောက်ရသည်။ ထို့နောက် လူရည်ချွန်အားလုံးသည် ရန်ကုန် စုပေါင်း စခန်းတွင် ပေါင်းဆုံကာ နိုင်ငံ့အကြီးအကဲများနှင့် တွေ့ဆုံခွင့်၊ ရန်ကုန်မြို့တွင်း လှည့်လည်လေ့လာခွင့် များရရှိခဲ့သည်။ စခန်းကာလမှာ အစောပိုင်းနှစ်များ တွင် တစ်လကြာမြင့်ခဲ့ပြီး နောက်ပိုင်းတွင် နှစ်ပတ် ခန့်သာကြာသည်၊၊ တစ်နိုင်ငံလုံးရှိ ပြည်ထောင်စု တိုင်းရင်းသား ကျောင်းသား ကျောင်းသူအချင်းချင်း ဆုံစည်းကြသည်။ ညီအစ်ကိုမောင်နှမရင်းများသဖွယ် ချစ်ကြည်ရင်းနှီးဆုံတွေ့ကြသည်။

 

လူရည်ချွန်စခန်းများတွင် နိုင်ငံ့သမိုင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ တက္ကသိုလ်ဘာသာ ရပ်များ မိတ်ဆက်စသည့် ဟောပြောပွဲများ၊ အမေးအဖြေဆွေးနွေးပွဲများ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ ကျပန်း စကားပြောပွဲများ၊ အားကစားပွဲများ၊ နိုင်ငံကျော် အားကစားသမားများ၊ အနုပညာရှင်များနှင့် တွေ့ဆုံ ပွဲများ စသည့်အစီအစဉ်မျိုးစုံပါဝင်သည်။ မိသားစု စိတ်ဓာတ်ဖြင့် ပူးပေါင်းလုပ်ကိုင်ဆက်ဆံကြခြင်း၊ အများနှင့်စုပေါင်း၍ အသင်းအဖွဲ့လိုက် လှုပ်ရှားခြင်း အလေ့အကျင့်များရရှိကြသည်။

 

ယခင် လူရည်ချွန်စီမံကိန်း (၁၉၆၄ မှ ၁၉၈၈ ကာလ) (၂၅) ကြိမ်မှ ရွေးချယ်ခံလူရည်ချွန်များသည် ယနေ့အချိန်တွင် အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်း များ၊ တပ်မတော်အကြီးအကဲများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်လုပ်ငန်းရှင်ကြီးများ၊ သာသနာ့ဝန်ထမ်းများ စသည်ဖြင့် နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် အောင်မြင်စွာ ဖြတ်သန်းတာဝန်ယူနေကြသည်။ ၁၉၆၄ လူရည်ချွန် စီမံကိန်းစတင်သည့် နှစ် (၅၀) မြောက် ရွှေရတုနှစ် ဖြစ်သည့် ၂၀၁၄ ခုနှစ်တွင် နိုင်ငံတစ်လွှားမှ လူရည် ချွန်ရွေးချယ်ခံခဲ့ရသူများကို စုစည်းကာ လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့အဖြစ် တရားဝင်ဖွဲ့စည်းထူထောင် ခဲ့သည်။

 

လူရည်ချွန်စီမံကိန်းသည် ပညာရေးဝန်ကြီး ဌာနက ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်တွင် “ဘက်စုံ ထူးချွန်ကျောင်းသား အမည်ဖြင့် ပြန်လည်ပေါ်ထွန်း လာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် “လူရည်ချွန် ဟူသည့် ယခင်အမည်ကိုပင် ပြန်လည်သုံးစွဲလာခဲ့သည်။ လူရည်ချွန်အပန်းဖြေစခန်းများကို ပုဂံ၊ ချောင်းသာနှင့်အင်းလေးဒေသများတွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အပန်းဖြေစခန်းများသို့ လူရည်ချွန် (၁၉၆၄ - ၈၈) အဖွဲ့မှ လူရည်ချွန်ဟောင်းကြီးများကို ဖိတ်ကြားခဲ့သည်။ သို့ဖြစ်၍ လူရည်ချွန်ဟောင်းကြီးများက အဆိုပါ စခန်းများသို့သွားရောက်၍ မျိုးဆက်သစ် လူရည်ချွန်များနှင့် တွေ့ဆုံကာ အတွေ့အကြုံများ ဖလှယ်ခြင်း၊ ဂုဏ်ပြုဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။

 

စာရေးသူအနေဖြင့် ၁၉၇၄ ခုနှစ်၌ မော်လမြိုင် ကောလိပ်ပထမနှစ်တွင် လူရည်ချွန်အဖြစ် ရွေးချယ် ခံခဲ့ရသောကြောင့် “လူရည်ချွန်ဟောင်း အနေဖြင့် ပုဂံလူရည်ချွန်အပန်းဖြေစခန်းသို့ ၂၀၁၄ ခုနှစ်မှ စတင်၍ သွားရောက်ဂုဏ်ပြုဟောပြောခွင့် ရရှိခဲ့ သည်။ ၂၀၁၄ ခုနှစ် ပုဂံလူရည်ချွန် အပန်းဖြေစခန်း တွင် စာရေးသူဟောပြောခဲ့သည့် အောက်ပါဂုဏ်ပြု စကားများဖြင့် အခြေခံပညာကျောင်းအသီးသီးမှ အရွေးချယ်ခံရပြီး စခန်းအားလုံးတွင် အပန်းဖြေ ကြမည့် “ယခုနှစ်လူရည်ချွန်များအား ဂုဏ်ပြုလိုက် သည်။

 

mdn

 

လေးစားအပ်ပါသော ခေါင်းဆောင်လောင်း လူရည်ချွန် မောင်မယ်များခင်ဗျာ-

 

ခေါင်းဆောင်လောင်းအမွန်အမြတ်များကို တွေ့ဆုံခွင့်၊ ဂုဏ်ပြုနှုတ်ခွန်းဆက်သခွင့်ရတဲ့အတွက် အထူးပင်ဝမ်းမြောက်မိပါတယ်။ မောင်တို့ မယ်တို့ကို “လူရည်ချွန်၊ လူရည်မွန်များ အဖြစ် ယနေ့ ဒီလိုအမိ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်မှာ ထွန်းတောက်စေဖို့ အစပျိုးခဲ့တဲ့ သမိုင်းဂုဏ်ရှိန်ကြီးတဲ့ နေရာမှာ ထိုက်ထိုက်တန်တန် ဂုဏ်ပြုပေးနေခြင်းပါ၊ ဒီနေရာဟာ မြန်မာနိုင်ငံတော်ရဲ့မူလအစ စည်ပင်ဖွံ့ဖြိုးမှုနဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ စည်းလုံးညီညွတ်မှု အင်အား တွေ သန္ဓေတည်ရာနေရာပါ။ ပြီးတော့ သာသနာ နဲ့ ယဉ်ကျေးမှုထွန်းကားရာ ဘူမိနက်သန် နေရာမှန် လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က ပုဂံသူ ပုဂံသားတွေရဲ့ နိုင်ငံနဲ့ မြန်မာ့ လူ့အဖွဲ့အစည်းအပေါ် တာဝန်ကျေပွန်ခဲ့တဲ့၊ ကောင်းမြတ်တဲ့အစဉ်အလာကို အမွေအဖြစ် ဆက်ခံနိုင် စေဖို့အတွက် မောင်တို့ မယ်တို့ ဒီနေရာကို ရောက်လာ တာပဲဖြစ်ပါတယ်။ မြန်မာမှန်ရင် ပထမမြန်မာနိုင်ငံ တည်ခဲ့တဲ့ ပုဂံသူ ပုဂံသားတွေရဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်ရှိရမယ်။ ပုဂံကိုရောက်ပြီး ပုဂံစိတ်ဓာတ်၊ ပုဂံသားတွေရဲ့ မြင့်မြတ်တဲ့ဝိညာဉ် လွှမ်းခြုံနေတဲ့ အငွေ့အသက်ကို ခိုလှုံဖူးရပါမယ်ဆိုတဲ့ အစဉ်အလာ ကောင်းကို ဆက်ခံစေတာဖြစ်ပါတယ်။

 

မောင်တို့ မယ်တို့သိကြတဲ့အတိုင်း ဒီနေရာမှာ “အနော်ရထာမင်းမြတ်နဲ့ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး ဆိုတဲ့ ပုဂံခေတ် သူရဲကောင်း တစ်နည်းအားဖြင့် မြန်မာနိုင်ငံတော်ကို စတင်ကြိုးပမ်းတည်ထောင်ခဲ့သူ၊ ထူးချွန်ထက်မြက် တဲ့ “မြန်မာ့လူရည်ချွန် ငါးဦး စတင်ဆုံစည်းခဲ့တဲ့ နေရာပါ။

 

အဆိုပါလူရည်ချွန် ငါးဦးဟာ ပုဂံသားတွေရဲ့ “စည်းလုံးညီညွတ်မှုအားကို ဖော်ဆောင်နိုင်ခဲ့ လို့သာ အခုလို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ကြီး ပေါ်ထွန်းလာတာဖြစ်ပါတယ်။ အဲဒီပုဂံ လူရည်ချွန်တွေရဲ့ မျိုးဆက်ဟာ ယနေ့ဆိုရင် မောင်တို့ မယ်တို့ “လူရည်ချွန် တွေပါပဲ။ ဒါ့ကြောင့် အနယ်နယ်အရပ်ရပ်က မောင်တို့ မယ်တို့လို တိုင်းရင်းသားမောင်နှမတွေကို မြန်မာနိုင်ငံကို စတင်တည်ထောင်ခဲ့တဲ့ ပုဂံသူ ပုဂံသားတို့ရဲ့ နိုင်ငံအပေါ်မှာ တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်နဲ့ နိုင်ငံနဲ့လူမျိုးကို မြှင့်တင်လိုတဲ့ စိတ်ဆိုတဲ့ “တန်ဖိုးမြင့် ပုဂံသားခေါင်းဆောင်တို့ရဲ့ ကောင်းမြတ်တဲ့ဝိညာဉ် တွေကို မောင်တို့ မယ်တို့ရဲ့ နှလုံးသားမှာ စိမ့်ဝင်ပျံ့နှံ့စေဖို့အတွက် ဒီမြန်မာတို့ရဲ့ဘူမိနက်သန်နေရာမှန် ပုဂံဒေသမှာ ဆုံစည်းနိုင်ဖို့ စီစဉ်ခြင်းဖြစ်ပါတယ်။

 

ခေါင်းဆောင်လောင်း လူရည်ချွန်များခင်ဗျာ-

 

လူရည်ချွန် ဆိုတဲ့ဘွဲ့ထူးဟာ တန်ဖိုးမြင့်နိုင်ငံ သားတွေဖြစ်ပါမှရကြတာပါ။ အောင်မြင်တဲ့သူတိုင်း လည်း တန်ဖိုးမြင့်လူသားဘဝ မရောက်ကြပါ။ တန်ဖိုးရှိတဲ့သူဆိုတာ ကိုယ့်ရဲ့အတ္တအကျိုးစီးပွားကို ရှေ့တန်းမတင်ပါ။ ပရဟိတအကျိုး၊ အများပြည်သူ အကျိုးကို ရှေ့တန်းတင်ခဲ့ကြသူတွေပါ။ မောင်တို့၊ မယ်တို့ရဲ့ ဘိုးဘွားဘီဘင် ပုဂံလူရည်ချွန်တွေထဲက ကျန်စစ်သားမင်းကြီးရဲ့ အဖိုးတန်မြင့်မြတ်စိတ်ထား ကို ဖော်ပြပါရစေ။ အဲဒီစိတ်ထားကို ကျန်စစ်သား မင်းကြီးရဲ့ “ရွှေစည်းခုံဘုရားမှာရှိတဲ့ နန်းတည် ကျောက်စာ မှာ (ယနေ့တော့ ပုဂံပြတိုက်မှာ ပြသ ထားခြင်း) တွေ့နိုင်ပါတယ်။

 

“များစွာသော ခပ်သိမ်းသူအပေါင်းတို့သည်               

သားတကွဲ၊ မယားတကွဲ၊ မိတကွဲ၊

ဘတကွဲဖြစ်ကြရကုန်၏။

ထိုသူတို့၏ ဆင်းရဲဒုက္ခကို ငါငြိမ်းပါအံ့။

ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပေးပါအံ့။

ငါ၏လက်ျာလက်ဖြင့် ဆန်စပါးရိက္ခာကို ပေးအံ့။

ငါ၏လက်ဝဲလက်ဖြင့် ဝတ်စားတန်ဆာကိုပေးအံ့။

အမိသည် သားငယ်ကို ရင်ခွင်၌ နှစ်သိမ့်စေသကဲ့သို့

ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့် စေအံ့

 

အများပြည်သူတို့ရဲ့ ဒုက္ခအပေါင်းကို ငြိမ်းချမ်းစေချင်တာ၊ ပြည်သူကို မိဘလို ချစ်ခင်နှစ်သိမ့်တာ၊ အစာရေစာရိက္ခာ အလုံအလောက်ပေးချင်တာနဲ့ ဝတ်စားဆင်ယင်မှုပြုပေးချင်တာဟာ တန်ဖိုးမြင့် နိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့ မောင်တို့ မယ်တို့ရဲ့ အစော ဆုံး မြန်မာနိုင်ငံကို တည်ထောင်ရာမှာ ပါဝင်ခဲ့တဲ့ ပုဂံမျိုးဆက်တစ်ဦးပိုင်ဆိုင်ခဲ့တဲ့ ကောင်းမြတ်တဲ့ စိတ်ထားပါ။ အဲဒီမြင့်မြတ်တဲ့စိတ်ထားကို မောင်တို့ မယ်တို့ လက်ဆင့်ကမ်းယူရစ်ကြပါ။ လက်ဆင့်ကမ်းယူနိုင်ပါမှ ပုဂံသွေးပီသတဲ့ မြန်မာ့ခေါင်းဆောင်တွေ ဘဝကို မောင်တို့ မယ်တို့ ရောက်ကြမှာပါ။

 

ပုဂံဟာ တိုင်းရင်းသားတွေ သွေးစည်းမှု၊ ချစ်ကြည်မှုကို အလေးထားတဲ့နေရာပါ။ ကိုယ့် တိုင်းရင်းသား ထိရင် လက်ပိုက်ကြည့်မနေနိုင်တဲ့ ရပ်ဝန်းပါ။ မောင်တို့ မယ်တို့ သိတဲ့အတိုင်း တို့တစ်တွေရဲ့ သွေးချင်းဖြစ်တဲ့ မွန်တို့ဌာနီဟံသာဝတီကို ဂျွမ်းစစ်သည်တွေ ကျူးကျော်စော်ကားခဲ့တာကို အနော်ရထာမင်းမြတ်က ပုဂံသူရဲကောင်းတွေ စေလွှတ်ပြီး တွန်းလှန်စေကာ မွန်နဲ့ဗမာ ချစ်ကြည် မှုကို ခိုင်မြဲစေခဲ့ပါတယ်။

 

ပြီးတော့ ပုဂံမြေဟာ မြန်မာပြည်ကို ထေရဝါဒ သာသနာရောင်ဝါ ထွန်းလင်းမှု စတင်ထွန်းညှိပေးခဲ့ တဲ့နေရာပါ။ ဒါ့ကြောင့် မေတ္တာအရင်းခံတဲ့ ဗုဒ္ဓ သာသနာတော် အခြေတည်ရာ ဒီမြေ၊ ဒီဒေသဟာ နိုင်ငံသားတွေရဲ့ စိတ်နှလုံးငြိမ်းချမ်းမှု၊ အေးချမ်းမှု၊ သာယာမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ မေတ္တာနဲ့ ယှဉ်တဲ့အကြည့်၊ တွေးတော၊ ကြံစည်၊ ပြောဆို၊ လုပ်ကိုင်မှု အစပြုတဲ့နေရာဖြစ်တာမို့”တိုင်းရင်းသား အချင်းချင်း ငြိမ်းချမ်းရေး သန္ဓေစိတ်ဓာတ် မြန်မာ့ မြေပေါ်မှာ စတင်စိုက်ပျိုးတဲ့နေရာလည်း ဖြစ်ပါ တယ်။ မေတ္တာစိတ်အရင်းခံတဲ့ ငြိမ်းချမ်းမှုကို မြတ်နိုးဖော်ဆောင်တာကိုက ပုဂံသွေး ပုဂံသားတို့ရဲ့ စိတ်ဓာတ်ပါ။

 

လူရည်ချွန် လူရည်မွန်များခင်ဗျာ -

 

အဲဒီ ပုဂံသားစိတ်ဓာတ်ကို ဘယ်သူက လက်ခံ ယူခဲ့သလဲဆိုရင် မောင်တို့ မယ်တို့ရဲ့”ဘိုးဘေး ဘီဘင် လူရည်ချွန်တစ်ဦး ထဲမှာ ပါဝင်ခဲ့တဲ့ ဒုတိယ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သူ “ဘုရင့်နောင်မင်းတရားကြီး ပါ။ သူ့ရဲ့မြင့်မြတ် စိတ်ထားကို မောင်တို့ မယ်တို့မှာ ရှိပြီးသား တန်ဖိုး မြင့်အမွေထဲကို ထပ်ဖြည့်ပေါင်းထည့်ပေးလိုက်ချင် ပါတယ်။ အဲဒါကတော့ ဘုရင့်နောင်မင်းတရားကြီးရဲ့ မြန်မာနိုင်ငံကို စုစည်းတဲ့ နောက်ဆုံး ဟံသာဝတီ မြို့သိမ်းတိုက်ပွဲအတွင်း သစ္စာပြုတာပါ။ ဘုရင် အချင်းချင်း နောက်ဆုံးစီးချင်းထိုးခါနီးမှာ ဆင်ပေါ်မှာရှိတဲ့ ခရားထဲကရေကို မြေပေါ်သွန်ချပြီး “သာသနာ့အကျိုး၊ ပြည်သူတွေရဲ့အကျိုးကို သယ်ပိုး နိုင်မယ်ဆိုရင် ဤတိုက်ပွဲမှာ နိုင်ရပါလို၏ ဟု သစ္စာ ပြုခဲ့ပါတယ်။ စစ်ပြင်နေတဲ့ အချိန်မဟုတ်ပါ။ စစ်ပွဲအတွင်း ဆင်ပေါ်ကနေပြီး သူ့ဆီကို ရန်သူက အပြင်း ချီလာတာကို လှမ်းမြင်ရတဲ့အချိန်မှာပါ။

 

လူရည်ချွန်မောင်မယ်တွေကို ပေးချင်တဲ့အမွေ ကတော့ “အသက်နဲ့ရင်းပြီး သူ့အသက်၊ ကိုယ့် အသက် လုနေရတဲ့အချိန်မှာတောင် သာသနာ့အကျိုး၊ ပြည်သူ့ကောင်းကျိုးဆိုပြီး “နိုင်ငံ့အကျိုး၊ အများအကျိုးကို ဦးထိပ်ထားနိုင်တဲ့ စိတ်ဓာတ် တစ်နည်းအားဖြင့် “ငါသည် ဘုရင်ဖြစ်ရန် တိုက်ပွဲဝင် နေခြင်းမဟုတ်၊ ပြည်သူ့အကျိုး၊ သာသနာ့အကျိုး သယ်ပိုးရန်သည် ငါ၏အန္တိမရည်မှန်းချက်ပါ။ သို့အတွက် အသက်နဲ့ရင်း၍ တိုက်ပွဲဝင်နေခြင်း ဆိုတဲ့ လူရည်ချွန်တွေသာ ပိုင်ဆိုင်တဲ့မြင့်မြတ် စိတ်ထားဆိုတာပါပဲ။ အဲဒီမြင့်မြတ်စိတ်ထားအမွေ ကို မြန်မာပြည်မှာ အစဉ်ထာဝရထွန်းတောက် နေအောင် ဆက်လက်ဖော်ဆောင်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။

 

အဲဒါနဲ့အတူ ထပ်ဆင့်ပြီးကောင်းမွေဆက်ခံစေချင်တာကတော့ တတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့တဲ့ အလောင်းဘုရားရဲ့စိတ်ဓာတ်ပါ။ သူ့ရဲ့တိုင်းရင်းသား အစုံရဲဘော် ရဲဘက် လူရည်ချွန် ၆၈ ဦးရဲ့ အင်အားနဲ့ ပထမ၊ ဒုတိယ မြန်မာနိုင်ငံ တော်နယ်နိမိတ်အတိုင်း တတိယမြန်မာနိုင်ငံတော် ကို တည်ထောင်ခဲ့တာပါ။ အလောင်းဘုရားရဲ့ စိတ်ထားကတော့ အဲဒီသွေးသောက်လူရည်ချွန် ၆၈ ဦးကို သူတို့ရဲ့ စွမ်းဆောင်ရည်အလိုက် ဂုဏ်ပြု ခဲ့ပါတယ်။

 

မောင်တို့ မယ်တို့ဟာလည်း ခေါင်းဆောင်လောင်း အမွန်အမြတ်တွေပါ။ ခေါင်းဆောင်ဆိုတာ
“ချီးမြှင့်ထိုက်သူကို ချီးမြှင့်ရမယ်၊ မြှောက်စားထိုက်သူကို မြှောက်စားရမယ် ဆိုတဲ့ အစဉ်အလာကောင်း ကို တန်ဖိုးထားတတ်ကြသူတွေပါ။ မောင်တို့ မယ်တို့ကို ဒီကနေ့အချိန်မှာ ဒီပုဂံမြေအပါအဝင် အပန်းဖြေစခန်းသုံးခုမှာ ဂုဏ်ပြုခံနေခြင်းကိုက “မြန်မာ့သားကောင်း အလောင်းဘုရားရဲ့ စိတ်ဓာတ်ကို ဆက်ခံနိုင်ပြီး ဖြန့်ဝေနိုင်စွမ်းရှိသူ ယနေ့တာဝန် ယူနေကြတဲ့ နိုင်ငံ့အကြီးအကဲတွေရဲ့ မြင့်မြတ်တဲ့ စိတ်ထားကြောင့်ပါ။ ခေါင်းဆောင်လောင်းတွေဖြစ် ကြတဲ့ မောင်တို့ မယ်တို့ဟာလည်း အဲဒီလို ဂုဏ်ပြု ထိုက်သူကို ဂုဏ်ပြုရမယ်ဆိုတဲ့အမွေကို ဆက်ခံပေးကြပါ။ ပြီးတော့ လက်ဆင့်ကမ်းပေးကြပါ။

 

မြန်မာနိုင်ငံသား မောင်တို့ မယ်တို့ဟာ ရှေးခေတ်ပုဂံလူရည်ချွန်တွေရဲ့ မျိုးဆက်တွေပါ။ နောက်မျိုးဆက်ဆိုတာ အလောင်းဘုရားလို အရင်မျိုးဆက်တွေထက်သာရပါမယ်။ နန်းသက် ရှစ်နှစ် (အနော်ရထာဘုရင်က နန်းသက် (၃၃) နှစ်၊ ဘုရင့်နောင်က နန်းသက် (၃၂) နှစ်) ဆိုတဲ့ တိုတောင်း တဲ့ အချိန်အတွင်းမှာ ပထမနဲ့ ဒုတိယ နိုင်ငံတော်လို အဆင့်မျိုးရောက်အောင် နိုင်ငံကိုဆက်လက် တည်ထောင်နိုင်ခဲ့ပါတယ်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနဲ့ ဆန်ရေစပါးပေါကြွယ်စေဖို့ စိုက်ပျိုး ရေးကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါဟာ နောက်မျိုးဆက်က ယခင်မျိုးဆက်တွေထက် သာအောင်၊ ပိုကောင်းအောင် လုပ်နိုင်ခဲ့တဲ့ သာဓကပါ။

 

နောက်ဥပမာတစ်ခုကတော့ သမိုင်းမှာ ထင်ရှားတဲ့ အင်္ဂလိပ်နဲ့ မြန်မာတို့ ရန္တပိုစာချုပ်ကို ချုပ်ဆိုစဉ် ၁၈၂၆ ခုနှစ်တုန်းက မြန်မာတွေ အင်္ဂလိပ် စကားမတတ်လို့ အမေရိကန်သာသနာပြု-ဆရာ ယုဒသန် (ဆရာဂျပ်ဆင်) ကို အကူအညီတောင်းပြီး ချုပ်ဆိုခဲ့ပါတယ်။ အဲဒီကာလမှ နောင်နှစ်ပေါင်း ၁၂၀ ကြာတဲ့အခါမှာ အောင်ဆန်း-အက်တလီနဲ့ နု-အက်တလီ (၁၉၄၇ ခုနှစ်) စာချုပ်တွေ လန်ဒန်မှာ ချုပ်ဆိုတဲ့အခါမှာတော့ ဘယ်စကားပြန်မှမလိုပါ။ ခေတ်ပညာတတ်မြန်မာတွေ သူတင်ကိုယ်တင် စားပွဲဝိုင်းမှာ မျက်နှာချင်းဆိုင်ကာ “ချက်ချင်းမနှေး၊ လွတ်လပ်ရေးပေး ဆိုပြီး တောင်းဆိုနိုင်ခဲ့ပါတယ်။ ဆိုလိုတာက နောက်မျိုးဆက်ဆိုတာ အရင်မျိုးဆက် တွေထက် သာရမယ်ဆိုတဲ့ စိတ်ထားကို လက်ခံ ကျင့်သုံးနိုင်မှ “လူရည်ချွန် တွေဖြစ်ကြမယ်ဆိုတာ ကို ဂရုပြုစေချင်ပါတယ်။

 

 

ဒါ့အပြင် လွတ်လပ်ရေးကြိုးပမ်းမှု ကာလမှာလည်း ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် လွတ်လပ်ရေး ခေါင်းဆောင်မျိုးဆက်တွေဟာ “ပြည်သူတွေ သူ့ကျွန်ဘဝက လွတ်မြောက်ရေးသာ အဓိက၊ တို့အသက်ဟာ သာမည ဆိုတဲ့ စိတ်ဓာတ်နဲ့ ကြိုးပမ်းခဲ့ကြလို့ မောင်တို့ မယ်တို့ဟာ လွတ်လပ်တဲ့ နိုင်ငံမှာ မွေးဖွားလာတဲ့ သခင်ဘဝကို ရခဲ့ကြတာပါ။ အတ္တအကျိုးထက် ပရအကျိုးကို သယ်ပိုးခဲ့ကြတဲ့ မောင်တို့ မယ်တို့ရဲ့ လွတ်လပ်ရေးခေါင်းဆောင် အဘိုး အဘွားတွေရဲ့ မြင့်မြတ်စိတ်ထားတွေကြောင့်ပါ။

 

၁၉၆၄ ခုနှစ် လူရည်ချွန်စီမံကိန်းကနေ ၁၉၈၈ ခုနှစ်အထိ ပေါ်ထွန်းခဲ့တဲ့ မောင်တို့ မယ်တို့ရဲ့ အဘိုး၊ အဘွား၊ မိဘတွေဖြစ်ကြတဲ့ “လူရည်ချွန်ကြီး တွေရဲ့စိတ်ဓာတ်ကတော့ “တိုင်းပြည်အကျိုး၊ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးဆိုရင် မဖြစ်မနေ အောင်မြင်အောင် ဆောင်ရွက်မယ်၊ မဖြစ်နိုင်ဘူးလို့ ငြင်းမနေပါ။ သူများထက် ပိုကောင်းအောင် လုပ်ဆောင်ပေးမယ် ဆိုတဲ့စိတ်ဓာတ်ပါပဲ။ အဲဒီ ကောင်းမွေကို ဘဝမှာလက်ခံကျင့်သုံးခဲ့တာကြောင့် ယနေ့ကာလမှာ ဒုတိယသမ္မတ (ငြိမ်း) ဒေါက်တာ စိုင်းမောက်ခမ်းအပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ တပ်မတော်နဲ့ဝန်ထမ်းအကြီးအကဲများ နဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ စတဲ့ ပြည်သူ့ အကျိုး၊ နိုင်ငံဖွံ့ဖြိုးရေးကို ကျရာနေရာမှာ အကောင်း ဆုံး စွမ်းဆောင်နေကြပါပြီ။ ကျွန်တော်တို့အဖွဲ့ လူရည်ချွန်မျိုးဆက်ဟောင်းတွေရဲ့ ကိုယ်စားလှယ် အဖြစ် ဒီကိုရောက်လာရခြင်းဟာလည်း “အဲဒီ ဘိုးဘွားတို့ရဲ့ ဘဝအတွေ့အကြုံတွေ အများကြီးထဲ ကမှ သူတို့ရဲ့ စိတ်ထားအမွန်အမြတ်တွေကို လက်ဆင့်ကမ်းပေးချင်လို့ ဖြစ်ပါတယ်။

 

နိဂုံးချုပ်အနေနဲ့ “လူရည်ချွန်” ဆိုတာ အောင်မြင်သူတို့ရဲ့ အထက်က တန်ဖိုးမြင့်လူသားတွေပါ။ အောင်မြင်သူတို့ထက်မြင့်တဲ့ တန်ဖိုးရှိတဲ့ သူဆိုတာ “ကိုယ့်အကျိုးထက် အများအကျိုးကို အမြဲနှလုံးသွင်း ရှေ့တန်းတင် ဆောင်ရွက်နေကြသူတွေ ပါ။ အဲဒီစိတ်ဓာတ်မျိုးဟာ ခါတော်မီ ယနေ့မှ ပေါ်ခဲ့တာမဟုတ်ပါ။ ပထမမြန်မာနိုင်ငံတည် အနော်ရထာမင်းမြတ်နဲ့တကွ ပုဂံသူ ပုဂံသား လူရည်ချွန်တွေရဲ့ လက်ထက်ကတည်းက စတင် ပေါက်ဖွားကျင့်သုံးခဲ့ကာ ဆက်လက်ဖြန့်ဝေခဲ့ပြီး နောက်မျိုးဆက်တွေကလည်း ခေတ်အဆက်ဆက် လက်ခံကျင့်သုံးပါတယ်။

 

ပုဂံမျိုးဆက်တွေဖြစ်တဲ့ မောင်တို့ မယ်တို့ဟာ နိုင်ငံဖွံ့ဖြိုးရေးနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို နိုင်ငံ တကာအလယ်မှာ မော်ကြွားနိုင်ရေးအတွက် ဆက်လက်ဦးဆောင်ကြမယ့်သူတွေပါ။ ခေါင်းဆောင် လောင်းလူရည်ချွန်တွေကို “ငါတို့ဟာ ပုဂံသား ပုဂံသွေးဆိုတာကိုသိပြီး ပုဂံမျိုးဆက်ရဲ့ ဇာတိဂုဏ်၊ အမျိုးဂုဏ်ကို အမြဲတမ်းခံယူကျင့်သုံးနိုင်စေရန် ဒီပုဂံမြေမှာလာပြီး သိဒ္ဓိထပ်တင်ပေးနေခြင်း ပါ။ အပန်းဖြေ လေ့လာရင်း ခေါင်းဆောင်အမွန်အမြတ် တွေရဲ့ အရည်အသွေးတွေကိုလည်း တစ်ပြိုင်တည်း ကို တပ်ဆင်ပေးနေခြင်းပါ။ ဒါ့ကြောင့် မြန်မာ့ဘူမိ နက်သန်ပုဂံမြေမှ ကိုယ့်ဒေသအသီးသီးကို မောင်တို့ မယ်တို့ ပြန်ရောက်ကြတဲ့အချိန်မှာ မိမိကိုယ်ကို အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းလို့ခံယူပြီး ကျင့်ကြံနေထိုင်ကြပါ။ ပြီးတော့ အဲဒီခံယူချက်ကို အကောင်အထည်ဖော်ဖို့ “ပညာကို အမြဲလေ့လာ လိုက်စားရင်း လူရည်ချွန်၊ လူရည်မွန်ဘဝ ကို ဆက်လက်ထိန်းသိမ်းပေးကြပါ။ အမိနိုင်ငံတော်ရဲ့ အနာဂတ်ကံကြမ္မာဟာ မောင်တို့ မယ်တို့ရဲ့ပုဂံသား (သို့) မူလအစ မြန်မာနိုင်ငံသား တို့ရဲ့စိတ်ဓာတ် ဘယ်လောက်ကြွယ်ဝပြီး ထိန်းသိမ်းအကောင်အထည် ဖော်နိုင်သလဲအပေါ်မှာ မူတည်နေတာကြောင့် မဖြစ်မနေအဲဒီစိတ်ဓာတ်ကို ဖွံ့ဖြိုးစည်ပင် ပြန့်ပွားအောင်ဆောင်ရွက်ရင်း နိုင်ငံနဲ့ မြန်မာ့ လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးကြပါ။ အဲဒီလို ဆောင်ရွက်နိုင်တဲ့ အရည်အသွေးတွေ မောင်တို့ မယ်တို့ ပိုင်ဆိုင်နေတာကိုလည်း ကျွန်တော်နဲ့ လူရည်ချွန်မျိုးဆက်ဟောင်းကြီးတွေက တွေ့မြင် နေပါကြောင်းနဲ့ အောင်မြင်သူတို့ရဲ့အထက်က တန်ဖိုးမြင့်ခေါင်းဆောင်တွေဘဝ မှာ ထာဝရ ရပ်တည်နိုင်ကြပါစေလို့ လူရည်ချွန် (၁၉၆၄-၁၉၈၈) အဖွဲ့အားလုံးရဲ့ကိုယ်စား ဆုတောင်းရင်း ကျွန်တော့် ရဲ့ ဂုဏ်ပြုဟောပြောချက်ကို နိဂုံးချုပ်အပ်ပါတယ်။ ။