နေပြည်တော် မေ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူတို့လိုက်ပါ၍ ယနေ့တွင် ခမောက်ကြီး၊ ဘုတ်ပြင်းနှင့် ကျွန်းစု တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားသည်။
အကောင်အထည်ဖော်ဆောင်ရွက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အမှာစကားပြောကြားရာတွင် တပ်မတော်သားများအနေဖြင့် သတ်မှတ်ထားသော အမိန့်နှင့် စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ခြင်းသည် အန္တရာယ်ကင်း ဘေးရှင်း၍ လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ နေရာနှင့် လုပ်ငန်းတာဝန်အလိုက် ဆောင်ရွက်ရန် လုပ်ငန်းလမ်းညွှန်များ ရှိပြီးဖြစ်သဖြင့် လေ့လာ၍ ပိုမိုကောင်းမွန်အောင် ကြံဆလုပ်ဆောင် ရန်လိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ပေါများရေးကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ဦးတည်ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် အစိတ်အပိုင်းတစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ရည်မှန်းချက် တာဝန်များကို သိရှိနားလည်သဘောပေါက်၍ မိမိတို့ထမ်းဆောင်ရသည့် ကျရာတာဝန်များအလိုက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း။
များစွာအထောက်အကူပြုခဲ့
တပ်မတော်သားများအနေဖြင့် စွန့်လွှတ်စွန့်စား အနစ်နာခံမှုဖြင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို သစ္စာရှိ ဝန်ထမ်းများ၊ ပြည်သူများနှင့်တွဲဖက်ကာ အဓိကကျသော အခန်းကဏ္ဍမှ အခက်အခဲများစွာကို ရင်ဆိုင် ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ပရဟိတ၊ လူမှုကူညီရေး အသင်းအဖွဲ့များမှလည်း အားတက် သရော ပူးပေါင်း၍ ရောဂါကူးစက်သူများအတွက် ပြုစုရေးနှင့် စောင့်ရှောက်မှု လုပ်ငန်းများအပါအဝင် အခြားသော လူမှုရေးလုပ်ငန်းများတွင် ရှေ့တန်းကျကျ သက်ဆိုင်ရာဌာန အသီးသီးနှင့် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုတွင် တစ်နိုင်ငံလုံး ပျံ့နှံ့ဆောင်ရွက်နိုင်ရေးအတွက်လည်း ကာယအား၊ ဉာဏအားဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ပူးပေါင်းပါဝင်မှုကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြစ်သည့် အသက် ၁၈ နှစ်အထက် အားလုံးကို ၂၀၂၂ ခုနှစ် ဧပြီ ၃၀ရက်အပြီး ကာကွယ်ဆေးထိုးနှံပြီးစီးရန် ရည်မှန်းချက်အား ရာနှုန်းပြည့်နီးပါး အကောင်အထည်ဖော်ရန် များစွာအထောက် အကူပြုခဲ့ကြောင်း။
မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းလုပ်ကိုင်
တပ်မတော်သားများသည် ၂၄ နာရီ တာဝန်ရှိသူများဖြစ်၍ တိုင်းပြည်တွင် ကျရောက်လာသည့် အဖျက်အမှောင့်နှင့် ဘေးအန္တရာယ်အမျိုးမျိုးကို ကာကွယ်နေသကဲ့သို့ တစ်ဖက်မှလည်း စားရေရိက္ခာ ပေါများရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တပ်ရင်း၊ တပ်ဖွဲ့အလိုက်၊ တပ်နယ်အလိုက် ဆောင်ရွက်ကာ တပ်မိသားစုသာမက သက်ဆိုင်ရာ နယ်မြေအပေါ် အထောက်အပံ့ဖြစ်အောင် ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်၊ နိုင်ငံသား၊ တပ်မတော်အတွက် အသက်ကိုစွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုသစ္စာကို နေ့စဉ်ရွတ်ဆိုနေသူများဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်မှပေးအပ်သည့် နေထိုင်စားသောက်မှုမှ အစ ပညာရေး၊ ကျန်းမာရေးအဆုံး အကျိုးကျေးဇူးများအတွက် ကျေးဇူးတရားနှင့် သစ္စာကို ပြန်လည် စောင့်သိကြရန် လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် စားရေး၊ ဝတ်ရေး၊ နေရေး၊ သွားလာရေး၊ ပညာရေး၊ ကျန်းမာရေးအထိ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ စစ်သည်မိသားစုများ အဆင်ပြေ ချောမွေ့စေရေး တာဝန်ရှိသူများက စနစ်တကျဖြင့် စီမံခန့်ခွဲပေးရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် တာဝန်ထမ်းဆောင်သူများ ကြောင့်ကြမှုကင်းစွာ တာဝန်ထမ်းဆောင်နိုင်ရေး ၎င်းတို့၏ မိသားစုများ ဘဝလုံခြုံမှုရှိအောင် အမိအဘစိတ်ဓာတ်ဖြင့် စောင့်ရှောက်သွားရန်လိုကြောင်း၊ ရှိပြီးဖြစ်သည့် တပ်တွင်း စည်းလုံးညီညွတ်မှုကို ခိုင်မာအောင် ဆက်လက်တည်ဆောက်သွားရန် လိုကြောင်း၊ ထိုသို့ တည်ဆောက်ရာတွင် အပြန်အလှန် ယုံကြည်မှုနှင့် နားလည်မှုရှိသော အထက်အောက် ဆက်ဆံရေး ရှိရန် လိုအပ်ပြီး မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းလုပ်ကိုင် ဆောင်ရွက်ကြရန်လိုကြောင်း။
ပေါင်းစပ်ညှိနှိုင်းဖြေရှင်း
တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ဖြစ်၍ နိုင်ငံ၏ အကျိုးစီးပွားနှင့် ပတ်သက်လာပါက ပေးအပ်သော တာဝန်ကို လေ့ကျင့်သင်ကြားပေးထားသည့် စစ်ပညာများကို အသုံးချကာ ရဲရဲဝံ့ဝံ့ အောင်မြင်အောင် ဆောင်ရွက်သွားရန် လိုကြောင်း၊ ဘိုးဘေးဘီဘင်များ အနှစ်နှစ် အလလ ထူထောင်တည်ဆောက်ခဲ့ရသော နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲနေရန် မိမိတို့နှင့် သက်ဆိုင်သည့် လုံခြုံရေးဆိုင်ရာ အသိသတိများဖြင့် မဆုတ်မနစ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ တိုင်းပြည်က အားထားရသော၊ ပြည်သူက အားကိုးရသော၊ တပ်မတော်က ဂုဏ်ယူအားထားရသော စစ်သည်တော်ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ထိုသို့ ပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်နှင့် မိမိ၏မိသားစုကို စောင့်ရှောက်နိုင်ရန်အတွက် ကျန်းမာကြံ့ခိုင်မှုသည် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် ကျန်းမာရန် လိုအပ်သကဲ့သို့ မိသားစုဝင်အားလုံးကျန်းမာနေမှသာ ပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး လုပ်ငန်းတာဝန်အပေါ် စိတ်လက်ချမ်းသာစွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ချမှတ်ထားသည့် ကြံ့ခိုင်ရေး လမ်းညွှန်ချက်များ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများကို ကိုယ်စီလိုက်နာ စောင့်ထိန်း၍ ကျန်းမာသော ဘဝနေထိုင်စားသောက်မှု ပုံစံဖြစ်အောင် ကျင့်ကြံသွားရန်လိုကြောင်းဖြင့် မှာကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်းတင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဘုတ်ပြင်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြည်သူများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။
မေးမြန်းအားပေးစကားပြောကြား
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များအား ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါအခြေအနေများအား မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်( ကြည်း) နှင့် အဖွဲ့ဝင်များသည် ကော့သောင်း မြို့ရှိ နယ်မြေခံတပ်သို့ သွားရောက်၍ ဥစားကြက်၊ အသားတိုးကြက်၊ DYL ဝက်နှင့် နို့စားနွားမွေးမြူ ထားရှိမှု၊ ရာသီသီးနှံများ စိုက်ပျိုးမွေးမြူထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်