ရန်ကုန် ၂၈ ဧပြီ
ဗဟိုဘဏ်မှ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ယခုနှစ်အတွင်း သုံးကြိမ်မြောက် အတိုးနှုန်းများကို ထပ်မံလျှော့ချလိုက်ကြောင်း ဗဟိုဘဏ်က ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်သည်။
ဗဟိုဘဏ်အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ဗဟိုဘဏ်၏အတိုးနှုန်း (Bank Rate) ကို တစ်နှစ်လျှင် (၈ ဒသမ ၅) ရာခိုင်နှုန်းမှ (၁ ဒသမ ၅) ရာခိုင်နှုန်း ထပ်မံလျှော့ချ၍ ၇ ဒသမ ၀ ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ထို့ပြင် ဘဏ်များ၏ အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အတိုးနှုန်းများကို ငွေစုစာရင်းအပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှပေးရမည့် အပ်ငွေတို့အပေါ်တွင် ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအောက် (၂)ရာခိုင်နှုန်းထက် မနည်းစေရဟု ထပ်မံလျှော့ချ ပြင်ဆင်သတ်မှတ်လိုက်သည်။
အလားတူ ဗဟိုဘဏ်မှ သတ်မှတ်ထားသော မြေနှင့် အဆောက်အအုံ၊ ရွှေ-ရွှေထည် ပစ္စည်း၊ စိန်နှင့် အဖိုးတန်ကျောက်မျက်ရတနာများ၊ ငွေစုလက်မှတ်၊ အစိုးရငွေတိုက်စာချုပ်၊ စာရင်းသေအပ်ငွေ (အချိန်ပိုင်းအပ်ငွေ)၊ အပေါင်ပြုလုပ်နိုင်သည့် ငွေချေးသက်သေခံ လက်မှတ်များနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ၊ လက်ရောက်အပေါင် (Pledge)၊ ချေးငွေအာမခံ (Credit Guarantee) ဖြင့် ထုတ်ချေးသည့် ချေးငွေများနှင့် ဗဟိုဘဏ်မှ အခါအားလျှော်စွာ သတ်မှတ်သည့် အာမခံပစ္စည်းများကို အခြေပြု၍ ထုတ်ချေးသည့် ချေးငွေများ စသည့် အာမခံပစ္စည်းများရယူ၍ ထုတ်ချေးသည့် ချေးငွေများအပေါ်တွင် တောင်းခံနိုင်သည့် အများဆုံး အတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအထက် (၃) ရာခိုင်နှုန်းထက် ကျော်လွန်၍ ကောက်ခံခြင်းမပြုရဟု သတ်မှတ်ထားသည်။
ထို့ပြင် အာမခံပစ္စည်းများမှအပ အခြားအာမခံ ပစ္စည်းရယူ၍ဖြစ်စေ၊ အာမခံပစ္စည်းရယူခြင်း မပြုဘဲဖြစ်စေ၊ ထုတ်ချေးသည့် ချေးငွေများအပေါ်တွင် တောင်းခံနိုင်သည့် အများဆုံး အတိုးနှုန်းကို (၁၄ ဒသမ ၅) ရာခိုင်နှုန်းဖြင့် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဘဏ်များမှ ကောက်ခံနိုင်သည့် အများဆုံး အတိုးနှုန်းတွင်လည်း ကတိခံကြေး၊ စီမံခန့်ခွဲမှုစရိတ် စသည့် အခကြေးငွေများ ပါဝင်ပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းများ ထပ်မံလျှော့ချခြင်းအပေါ် စီးပွားရေးလုပ်ငန်းရှင်များမှ ကြိုဆိုကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။
“ကျွန်တော်တို့က ကြိုဆိုပါတယ်၊ COVID-19 မဖြစ်ခင်ကတည်းက စီးပွားရေးလုပ်ငန်းတွေ တုံ့နှေးနေတယ်၊ အထူးသဖြင့် ဆောက်လုပ်ရေးကဏ္ဍတွေ တုံ့နှေးနေတယ်၊ အရောင်းအဝယ်တွေ အေးပြီးတော့ ဘဏ်တွေမှာ ငွေချေးထားတဲ့သူတွေက အကြွေးမဆပ်နိုင်တဲ့ ပြဿနာဖြစ်နေတယ်၊ COVID-19 ဖြစ်တဲ့အချိန်မှာ ပိုဆိုးတယ်၊ စီးပွားရေးတော်တော်များများ ရပ်ဆိုင်းကုန်တဲ့အတွက်ကြောင့် လုပ်ငန်းလုပ်တဲ့သူတွေအတွက်က ဒါတစ်ဖက်တစ်လှမ်းက အထောက်အကူပြုတဲ့ သဘောရှိတယ်၊ ကျွန်တော်တို့က ကြိုဆိုပါတယ်၊ ကျွန်တော်တို့က ဒီထက်ပိုပြီးတောင် လျှော့စေချင်တယ်၊ ကျွန်တော်တို့ တချို့နိုင်ငံဆို Zero တောင်ဖြစ်နေတာ၊ ဘယ်လိုပဲဖြစ်ဖြစ် လျှော့တာတော့ ကောင်းပါတယ်၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ အကြမ်းမျဉ်း တူသွားရင်တော့ ပိုကောင်းတယ်လို့ မြင်ပါတယ်”ဟု ဒေါက်တာစိုးထွန်းက ပြောသည်။
ဗဟိုဘဏ်၏ အတိုးနှုန်း၊ အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အတိုးနှုန်းများ သုံးကြိမ်မြောက် ထပ်မံလျှော့ချ ပြင်ဆင်သတ်မှတ်လိုက်ခြင်းသည် မေ ၁ ရက်မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်၏ အတိုးနှုန်း၊ အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အတိုးနှုန်းများကို ယခုနှစ် မတ်လ ၁၂ ရက် ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) ဖြင့် (၀ ဒသမ ၅) ရာခိုင်နှုန်း၊ မတ်လ ၂၄ ရက်က ညွှန်ကြားချက်အမှတ် (၄/၂၀၂၀) ဖြင့် (၁ ဒသမ ၀) ရာခိုင်နှုန်း အသီးသီးလျှော့ချထားခဲ့ပြီး ဖြစ်သည်။
ငြိမ်းငြိမ်း