ရန်ကုန် ၁ ဖေဖော်ဝါရီ
ဈေးများနှင့် ကုန်စည်ပွဲရုံများစီမံခန့်ခွဲရေး အနောက်ပိုင်းခရိုင် စည်ပင်သာယာဈေးများရုံး ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးကြီး၌ ဈေးတာဝန်ခံရုံးနှင့် ဈေးသာယာရေးအဖွဲ့တို့ စီစဉ်မှုဖြင့် စုပေါင်းအမှိုက်ကောက် လှုပ်ရှားမှုနှင့် စံပြပရဟိတလူငယ်အသင်း (ရန်ကုန်)သို့ မီးသတ်ရေသယ်ယာဉ် (၁)စီးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စုပေါင်းအမှိုက်ကောက် လှုပ်ရှားမှုတွင် ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ အနောက်ပိုင်းခရိုင် စည်ပင်သာယာဈေးများရုံးမှ ခရိုင်မှူးနှင့်အရာရှိများ၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဈေးဝန်ထမ်းများ၊ ဈေးသာယာရေးအဖွဲ့ဝင်များ၊ စံပြလူမှုကူညီရေး ပရဟိတ(ရန်ကုန်)မှ အသင်းဝင်များ၊ ပြည်တွင်းကုန်တင်ကုန်ချ ကော်မတီမှ လုပ်သားများ သန့်ရှင်းရေးလုံခြုံရေး ဝန်ဆောင်လုပ်သားများနှင့် အလွှာပေါင်းစုံမှ ဈေးသူဈေးသားများ အပါအဝင် စုစုပေါင်းအင်အား ၃၀၀ ကျော် ပါဝင်ခဲ့ကြသည်။

“ဒီစျေးကြီးဟာ မြန်မာတစ်နိုင်ငံလုံးကို ငါး ပုစွန်တွေ ဖြန့်ဖြူးရောင်းချပေးနေတဲ့ စျေးကြီးဖြစ်ပါတယ်။ ဒီအတွက် စျေးသန့်ရှင်းသာယာမှုကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု ရန်ကုန်အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဌေးက ပြောသည်။
ယခုကဲ့သို့ စုပေါင်းအမှိုက်ကောက် လှုပ်ရှားမှု ပြုလုပ်ခြင်းသည် အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်တတ်စေရန်၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု လျော့နည်းပပျောက်စေရန်၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော ငါး/ပုစွန်များကို ရောင်းချနိုင်စေရန်အတွက် အမှိုက်ကောက်လှုပ်ရှားမှုကို ပြုလုပ်ရခြင်းဖြစ်ကြောင်း စျေးသာယာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြမောင်က ပြောသည်။
အဆိုပါစံပြငါးစျေးရှိ စံပြလူမှုကူညီရေး ပရဟိတလူငယ်အသင်း(ရန်ကုန်)သို့ စျေးသန့်ရှင်းရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရေဂါလန် (၃၈၀၀) ဆံ့ ရေယာဉ်တစ်စီးကိုလည်း ဦးခင်မောင်မြင့်က ကျပ်သိန်း ၂၀၀ နှင့် ဦးအောင်မျိုးသန့်က ၇၅ သိန်းကျပ်ဖြင့် ဝယ်ယူလှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- အာကာလင်း