ဘိုကလေး ၅ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ လမ်းအမှတ်(၅)၊ ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိ လမ်းပေါ်ရှိ သိုင်းချောင်း(၂) တံတား(၆၀ ပေ)နှင့် ဖလားချောင်းတံတား (၆၀ပေ) တံတား(၂)စင်းအား တံတားအထူးအဖွဲ့ (၁၆)မှ သစ်သားကြမ်းခင်းအစား C-Channel(သွပ်ရေစိမ် သံပြားကြမ်းခင်း)ဖြင့် အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများအား ဇွန် ၆ ရက်နေ့မှ ဇွန် ၁၉ ရက်နေ့အထိ ပြုပြင်ဆောင်ရွက်မည်ဖြစ်သောကြောင့် ပြုပြင်ဆောင်ရွက်မည့် ကာလအတွင်း လုပ်ငန်းလိုအပ်ချက်အရ နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီထိသာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ပြီး ကျန်အချိန်များတွင် လုပ်ငန်းကို နေ့/ည ဆောင်ရွက်မည်ဖြစ်သည့်အတွက် မော်တော်ယာဉ် ဖြတ်သန်းသွားလာခွင့် လုံးဝပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
မော်တော်ယာဉ်ဖြတ်သန်းသွားလာခြင်းနှင့် ပတ်သက်၍ မြို့နယ်ပုဂ္ဂလိကမော်တော်ယာဉ် လုပ်ငန်းများ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာတံတားအထူး(၁၆) မြေပြင် အင်ဂျင်နီယာအဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် ၎င်းတို့အား မြို့နယ်အုပ်ချုပ်ရေးမှူးမှ အသိပေး အကြောင်းကြားထားကြောင်းကိုလည်း သက်ဆိုင်ရာမှ သိရသည်။
မိုးစက်(ဘိုကလေး)


