ဘိုကလေး နိုဝင်ဘာ ၁၀

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေး ပညာရေးဒီဂရီကောလိပ်တွင် ယနေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ယခုစာသင်နှစ်အတွက် အသစ်ခန့်အပ်ထားသည့် အခြေခံပညာ ဆရာ/ဆရာမ သစ်လွင်များ တွေ့ဆုံပွဲကျင်းပသည်။

 

တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က ဆရာ/ ဆရာမများအနေဖြင့် သင်ကြားရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကျောင်းသား/ ကျောင်းသူများအပေါ် စာကိုလည်းသင်၊ လူကိုလည်း ပြင်စေလိုကြောင်း၊ နာ (၃) နာကို အခြေခံပြီး ကျောင်းသား/ ကျောင်းသူတွေအတွက် စံပြနမူနာဖြစ်အောင် ကျင့်ကြံနေထိုင်စေလိုကြောင်း၊ ကျောင်းသား/ ကျောင်းသူများကို လမ်းညွှန်ဆုံးမနိုင်ရေး ဆရာ/ဆရာမများ အနေဖြင့် စာပေများ ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း လမ်းညွှန်အမှာစကား ပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်က မွမ်းမံသင်တန်း တက်ရောက်နေသည့် ဆရာ/ဆရာမများအတွက် ချီးမြှင့်ငွေ  ကျပ်သိန်း (၄၀)ကို ပေးအပ်ရာ ဘိုကလေးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်မှ လက်ခံရယူခဲ့သည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးတင်လှိုင်နှင့်အဖွဲ့၊ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးနေဝင်းနှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့်အဖွဲ့၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ဘိုကလေးပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ မွမ်းမံသင်တန်း တက်ရောက်သည့် ဆရာ/ဆရာမ သစ်လွင်များ တက်ရောက်ကြပြီး ဆရာ၊ ဆရာမသစ်လွင်များသည် နိုဝင်ဘာ ၈ ရက်မှစတင်၍ သင်တန်းကာလ တစ်လဖြင့် ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် မွမ်းမံသင်တန်း တက်ရောက်နေခြင်းဖြစ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘိုကလေးပညာရေး ဒီဂရီကောလိပ်မှ စာသင်ဆောင်များ၊ သင်တန်းသားအိပ်ဆောင်များ၊ စားဖိုဆောင်နှင့် ဆောက်လုပ်ဆဲ သင်တန်းသားဆောင်တို့ကို လှည့်လည်ကြည့်ရှုပြီး အောင်တော်မူ ဘုရားအတွင်းမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမှုလုပ်ငန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)