ဘိုကလေး နိုဝင်ဘာ ၂
အများပြည်သူကျန်းမာရေးအား အကျိုးပြုနိုင်ရေး၊ အောက်စီဂျင် အလွယ်တကူ ရရှိနိုင်စေရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မတည်အလှူရှင်များ၊ ဌာနဆိုင်ရာများနှင့် အများပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် အောက်စီဂျင်စက်ရုံအား တည်ဆောက်ခဲ့ရာ နိုဝင်ဘာ (၁)ရက်နေ့မှ စတင်၍ အများပြည်သူများအတွက် အောက်စီဂျင်စတင် ဖြန့်ဖြူးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ဖြန့်ဖြူးပေးရာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် အခမဲ့ ဖြန့်ဖြူးဆောင်ရွက်ပေး လျက်ရှိပြီး အောက်စီဂျင်စက်ရုံတွင် ဝန်ထမ်းလစာ၊ စက်ရုံသုံး လျှပ်စစ်မီတာခ၊ စက်ပြုပြင်ထိန်းသိမ်း စရိတ်များ ကုန်ကျရသဖြင့် စက်ရုံ ရည်ရှည်ရပ်တည်နိုင်ရေးအတွက် ပုဂ္ဂလိကများအတွက် အောက်စီဂျင်(၄၀)လီတာအိုး အလုံး(၂၀)အောက် အရည်ဖြည့်မည်ဆိုပါက (၁)အိုးလျှင် (၆၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ အလုံး(၂၀)အထက် အရည်ဖြည့်မည်ဆိုပါက (၁)အိုးလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပရဟိတအသင်းများနှင့် ဆေးရုံတက်လူနာများအတွက် (၁)အိုးလျှင်(၄၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ (၂၀)လီတာတစ်အိုးလျှင်(၂၀၀၀)ကျပ်၊ (၁၅)လီတာတစ်အိုးလျှင်(၁၅၀၀)ကျပ်၊ (၁၀)လီတာတစ်အိုးလျှင်(၁၀၀၀)ကျပ်နှုန်းတို့ဖြင့် ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိကြောင်း အောက်စီဂျင်စက်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
မိုးစက်(ဘိုကလေး)


