ဘိုကလေး အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ ပေချောင်းကြီး ကျေးရွာတွင် အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်သဖြင့် အမျိုးသား သုံးဦး မိုးကြိုးထိမှန်ခဲ့သည်။
ဖြစ်စဉ်မှာ ပေချောင်းကြီးကျေးရွာနေ ကိုလင်းဆက်ကို၊ ဦးမျိုးအောင်နှင့် ဦးဌေး တို့သည် ဦးမျိုးအောင်၏နေအိမ်အတွင်း လက်ဖက်ရည်သောက်နေစဉ် နေအိမ်ခေါင်မိုးအား မိုးကြိုးပစ်သဖြင့် ခေါင်မိုးပေါက်ကာ သုံးဦးလုံး ၁၅ မိနစ်ခန့် သတိလစ်မေ့မြောခဲ့ကြောင်း၊ နေအိမ်အတွင်းရှိ မိုးကြိုးထိမှန် ပျက်စီးသည့် အပိုင်းအစများကြောင့် ကိုလင်းဆက်ကိုမှာ ကျောကုန်းများ ထိမှန်ခြင်း၊ ခြေလက်များ တုံ့ဆိုင်းခြင်း၊ ဦးမျိုးအောင်၏ နောက်ကျောဘက်နှင့် ဘယ်ဘက်လက်တွင် ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့ပြီး ညနေပိုင်းတွင် ၎င်းတို့အား မြို့နယ် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ပို့ဆောင်ပေးကာ ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)