မော်လမြိုင်ကျွန်း ၂၂ စက်တင်ဘာ 

 

ရှေးဟောင်း သမိုင်းဝင် ဉာဏ်တော် (၁၁) တောင်ရှိ ကျိုက်စဖို့ စေတီတော်မှာ ဘိုကလေးမြို့နယ် ကွင်းကြီးကျေးရွာအုပ်စု ကွန်ဒိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ တည်ထားပူဇော်လျက်ရှိပြီး ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ လာရောက် ဖူးမြော်လျက်ရှိကြသည်။

 

ယင်းကျိုက်စဖို့ စေတီတော်တွင် လိုအင်ဆန္ဒများ ဆုတောင်းပါက ဆုတောင်းပြည့်စုံနိုင်သဖြင့် ဘိုကလေးမြို့နယ်နှင့် ရပ်ဝေးဒေသမှ ဘုရားဖူးများပါ လာရောက်ဖူးမြော်လျက်ရှိကြောင်း ကွန်ဒိုင်းကျေးရွာ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ဣသရိယ  က စက်တင်ဘာ ၂၂ ရက်နေ့တွင် မိန့်ကြားတော်မူသည်။

 

“ ကျိုက်စဖို့ စေတီတော်ကို မွန်လူမျိုးများ အောက်မြန်မာပြည်ကို စုန်ဆင်းစဉ် ကျူတော၊ ကိုင်းတောကြီးများရှိသော ဒေသသို့အရောက်တွင် ဉာဏ်တော် ၉ တောင်ပြည့် စေတီတော်ကို တည်ထားခဲ့ပါကြောင်း၊ ကျိုက်အမည်ပါသော ကျိုက် ၉ ကျိုက် စေတီတော်များကိုလည်း မြစ်ဝကျွန်းပေါ် ဒေသအသီးသီးတွင် တည်ထားခဲ့သည်ဟု ရှေးလူကြီးများ ပြောပြသဖြင့် သိရှိခဲ့ရကြောင်း။ ယင်းနောက်ပိုင်းတွင် ငါးအိမ်တန်းကျေးရွာနေ ဦးရွှေဆိုင်နှင့် မိသားစုများက မွမ်းမံပြီး ဉာဏ်တော် ၁၁ တောင်စေတီအဖြစ် တည်ထားခဲ့ခြင်းဖြစ်ကြောင်း ကွန်ဒိုင်းကျေးရွာနေ ဦးချစ်လှိုင် ၆၉ နှစ်က ပြောပြသည်။

 

အဆိုပါ ဘိုကလေးမြို့နယ် ရှေးဟောင်း သမိုင်းဝင် ဆုတောင်းပြည့် ကျိုက်စဖို့ စေတီတော်အတွက် ပါဝင်လှူဒါန်း လိုပါက ဖုန်း ၀၉  ၄၂၂၄၇၁၀၀၃၊ ၀၉ ၄၂၅၇၁၀၇၈၂ တို့ထံ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

 

မော်ကျွန်း - မြင့်အောင်