ဘိုကလေး    ၁၂    မေ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ခုတ်မောင်းပြေးဆွဲလျက်ရှိသော ရေယာဉ်လိုင်းများတွင် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး ကာလအတွင်း လိုက်ပါစီးနင်းသူ ခရီးသည်များ သိသိသာသာ လျော့နည်းလျက်ရှိပြီး ကုန်စည်စီးဆင်းမှု အတွက်သာ အဓိက အားထားအသုံးပြုလျက်ရှိကြောင်း သိရသည်။

 

ဘိုကလေးမြို့နယ်မှ မြို့နယ်တွင်းရှိ ကျေးရွာများသို့ ပြေးဆွဲနေသော ရေယာဉ်လိုင်း ၃၀ ကျော်ရှိကြောင်း မြို့နယ်ရေယာဉ်လိုင်းများစနစ်တကျပြေးဆွဲရေး ကော်မတီထံမှ သိရှိရပြီး ဘိုကလေးမြို့နယ်နှင့် ကျိုက်ပိကျေးရွာသို့ ပြေးဆွဲနေသော မော်တော်ယာဉ်မောင်းနှင်သူ ဦးတင်ထွန်းမှ "ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလမှာ လူသွားလူလာတွေကို သက်ဆိုင်ရာ အဆင့်ဆင့်က စိစစ်ကန့်သတ်ကတည်းက ကျွန်တော်တို့ ရေယာဉ်တွေမှာ ခရီးသည် စီးနင်းလိုက်ပါမှု လျော့နည်းလာခဲ့တာပါ။ အရင်ကဆိုရင် ကျွန်တော်ရေယာဉ် အသွားအပြန် ခရီးသည်ရော ကုန်ရော အပြည့်ပါပဲ။ အခုကတော့ မသွားမဖြစ် သွားလာရာတဲ့သူတွေပဲ စီးကြပါတယ်။ အဓိကတော့ ကုန်စည်ကိုပဲ အားထားပြီး ယခုပြေးဆွဲနေတာပါ။ ရွာကနေ မော်တော်ထွက်လာရင် ရွာက ဒေသထွက်ကုန် ဓနိ၊ ကြက်၊ ဘဲ၊ ဘဲဥ၊ ငါးသားပုဇွန် တင်လာတယ်။ ပြီးရင်မြို့က ဒိုင်ကိုသွင်းပေးတယ်။ ရွာကလူတွေမှာလိုက်တဲ့ စက်မောင်းဆီ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေကို မြို့က ဝယ်ယူပြီး ကျွန်တော်တို့ရေယာဉ်လိုင်းတွေက ပို့ဆောင်ပေးနေတာပါ။ ကိုဗစ် ကာလမှာတော့ ကုန်စည်စီးဆင်းမှုကိုသာ အားထားပြီး ပြေးဆွဲနေတာပါ"ဟု ပြောကြားသည်။

 

မိုးစက်(ဘိုကလေး)