ဘိုကလေး ၂၉ ဇွန်
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ဂရမ်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် ယနေ့နံနက်ပိုင်း၌ မြစ်ဆိပ်တွင် ရေချိုးနေသည့် ကလေးတစ်ဦး မိကျောင်းဆွဲခံရမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မိကျောင်းဆွဲခြင်းခံရသည့် မယမင်းသူ (၉နှစ် (ဘ)ဦးဝေဖြိုးအောင်) မှာ ၎င်း၏အိမ်ရှေ့ သကံမြစ်ကမ်းဘေးရှိ တံတား၌ အဖွားဖြစ်သူ ဒေါ်သန်းဝင်းနှင့်အတူ ရေချိုးနေစဉ် မိကျောင်းဆွဲ ခံရကြောင်း၊ အဖွားဖြစ်သူမှ အော်ဟစ်အကူအညီ တောင်းခံမှုကြောင့် ဖခင်ဖြစ်သူနှင့် ဆွေမျိုးများမှ မယမင်းသူအား ဝိုင်းဝန်းဆွဲတင်ခဲ့ရာ မိကျောင်းမှာ လန့်၍ ထွက်ပြေးခဲ့ကြောင်း၊ မိကျောင်းဆွဲခံရမှုကြောင့် မယမင်းသူတွင် ဘယ်ဘက်လက်ဖျံရိုးကျိုးသွားသဖြင့် ဘိုကလေးမြို့နယ် ခုတင်(၁၀ဝ) ပြည်သူ့ ဆေးရုံသို့ တက်ရောက်ဆေးကုသခံလျက်ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ်ကြိုးဝိုင်းတို့နှင့် ဆက်စပ်ရာ သဘာဝဒီရေတောများသည် ရေချိုရေငန်စပ် မိကျောင်းများ မျိုးပွားခိုလှုံရာ ဒေသဖြစ်သည့်အတွက် အဆိုပါဒေသများအတွင်းရှိ မိကျောင်းများသည် ဧပြီလမှ ဇွန်လအထိ မိတ်လိုက်ပြီး ဇွန်လမှ ဩဂုတ်လအတွင်း အသိုက်ပြုလုပ်လေ့ရှိရာ ယခုအချိန်သည် မိကျောင်းများ၏ သဘာဝအမူအကျင့်အရ သော်လည်းကောင်း၊ မိခင်စိတ်ကြောင့်သော်လည်းကောင်း၊ အစာအာဟာရကြောင့် သော်လည်းကောင်း လူနှင့်အိမ်မွေးတိရစ္ဆာန်များအတွက် မိကျောင်း အန္တရာယ်ရှိနေကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)


