ဘိုကလေးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၆၀၀ လွှဲပြောင်းပေးအပ်

ဘိုကလေး ဇွန် ၂၉

 

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ငွေတောင်ကျေးရွာနှင့် အစည်ကြီးကျေးရွာနှစ်ရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ‌ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။

 

ဦးစွာ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၁ ဗိုလ်မှူးအောင်ဇော်သင်းက အဖွင့်အမှာစကားပြောကြားပြီး ဘိုကလေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဗိုလ်ဆန်းက ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက်၊ စီမံကိန်းလုပ်ငန်းစဉ်များ၊ မူဝါဒများ၊ လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဗိုလ်မှူးအောင်ဇော်သင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ငွေတောင်ကျေးရွာ မြစိမ်းရောင်ကော်မတီဝင်များထံသို့ ငွေကျပ်သိန်း ၃၀၀ ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမျိုးညွှန့်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အစည်ကြီးကျေးရွာ မြစိမ်းရောင်ကော်မတီဝင်များထံသို့ ငွေကျပ်သိန်း ၃၀၀ ကိုလည်းကောင်း လွှဲပြောင်းပေးအပ်ကြသည်။

 

ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲသို့ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများမှ ကော်မတီဝင်များ တက်ရောက်ကြသည်။

 

စိုးမိုးကျော်