ဘိုကလေး နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကျောင်းသား/သူများ ရောဂါဘယ ကင်းရှင်း၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၁၂)နှစ်နှင့် အထက် အခြေခံပညာ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အောက်တိုဘာလအတွင်း ထိုးနှံပြီးသည့်နောက် ယခုအခါ နိုဝင်ဘာ (၂)ရက်နေ့မှစ၍ မြို့နယ်တွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ အသက်(၁၂)နှစ်နှင့် အထက်ကျောင်းသား/သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းစဉ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဘိုကလေးမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရမည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အသက်(၁၂)နှစ်နှင့် အထက်ကျောင်းသား/သူ (၅၇၄)ဦးရှိကြောင်းနှင့် ယနေ့အထိ အောင်စည်မင်္ဂလာ၊ ရွာမ(သင်ချောင်း)၊ စန္ဒာဒီပ၊ ရတနာမဉ္ဇူ၊မင်္ဂလာကံသာ ကျောင်းများမှ ကျောင်းသား/သူ(၁၅၈)ဦး ထိုးနှံပြီးကြောင်းနှင့် ကျန်ရှိနေသည့် ကျောင်းသား/သူများအား လစ်ဟမှုမရှိစေရေး အလေးထားကာ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
မိုးစက်(ဘိုကလေး)


