ဘိုကလေး နိုဝင်ဘာ ၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း ယာယီပိတ်ထားခဲ့ရာမှ ယခုအခြေအနေတွင် ရောဂါကူးစက်မှုနှုန်းများ ကျဆင်းလာသည့်အတွက် ယနေ့ နိုဝင်ဘာ (၁)ရက်နေ့မှ စတင်၍ ဘိုကလေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံး ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။

 

မကြာသေးခင် ရက်ပိုင်းအတွင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ဘိုကလေးမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ယခုကျောင်းပြန်လည် ဖွင့်လှစ်သင်ကြားရာတွင် လည်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ သင်ကြားပို့ချ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျောင်းသား/သူများ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက်လည်း မြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)