ဘိုကလေး ၁၃  ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချိုကြည်သာသနာ့ဗိမာန်တွင် ယနေ့ နံနက်(၉)နာရီ၌ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနထံသို့ ၂၀၂၀-၂၁ လုပ်ငန်းရာသီအတွက် ရပ်ရွာအခြေပြု ငါးလုပ်ငန်း အစုအဖွဲ့ဖြင့် လုပ်ကိုင်ခွင့် လျှောက်ထားသော အင်း/တင်ဒါ ပိုက်များအား စိစစ်စစ်ဆေးသည့် အခမ်းအနား ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဗိုလ်မှ ရေလုပ်ငန်းအစုအဖွဲ့များအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ညီညွတ်စွာဖြင့် ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်စေလိုကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးမှ ရေချိုငါးလုပ်ငန်း ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့် လျှောက်ထားလာသော အင်း/တင်ဒါ ပိုက်များအား စိစစ် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ စိစစ် ဆုံးဖြတ်မှုများကိုလည်း ငါးလုပ်ငန်း ဦးစီးဌာနနှင့် တတ်သိပညာရှင်တို့ ပူးပေါင်း၍ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာနနှင့် တာဝန်ရှိသူများမှ (၂၀၂၀-၂၁) လုပ်ငန်းရာသီအတွက် ငါးလုပ်ငန်း လုပ်ကိုင်ခွင့် လျှောက်ထားသော ရပ်ရွာအခြေပြု ငါးလုပ်ငန်းအစု အဖွဲ့များမှ တစ်ဖွဲ့တည်းလျှောက်ထားသော အင်း/တင်ဒါ ပိုက်ချက်များအား စစ်ဆေးကြပြီး အပြိုင်လျှောက်ထားသော အင်း/တင်ဒါ ပိုက်ချက် အစုအဖွဲ့များအား ဇူလိုင် (၁၄) တွင် ဆက်လက် စိစစ် စစ်ဆေးသွားမည် ဖြစ်ကြောင်းနှင့် အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ငါးလုပ်ငန်း ကြီးကြပ်ရေး ကော်မတီဝင်များနှင့် ရေလုပ်သားပေါင်း (၂၅၀) ခန့်တက်ရောက်ကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)