ဘိုကလေး နိုဝင်ဘာ ၈

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်ရှိ ပညာဂုဏ်ရည်ခန်းမတွင် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက တိုင်းရင်းသားဘာသာစကားသင် ဆရာ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ဖွင့်ပွဲ ကျင်းပခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူများ၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ ဆရာမများ တက်ရောက်ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်က “တပည့်များအား တိုင်းရင်းသား ဘာသာစကားအပြင် မိမိတို့နိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာဘာသာ စကားကိုလည်း သင်ကြားပေးရန် လိုအပ်ကြောင်း၊ ဆရာ့ကျင့်ဝတ်များနှင့်အညီ နေထိုင်သွားလာကြရန်၊ စည်းကမ်းပြည့်ဝပြီး သန့်ရှင်းတည်ငြိမ်စွာဖြင့် နေထိုင်ပြုမူကြရန်” အမှာစကားပြောကြားသည်။

 

အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲသို့ ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မော်ကျွန်း၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ လပ္ပတ္တာမြို့နယ်များမှ ဆရာ  ဆရာမ ၁၅၀ တက်ရောက်ကြကာ အဆိုပါ ဆွေးနွေးပွဲအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် ငါးသိန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)