ဘိုကလေး ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် နိုဝင်ဘာ ၈ ရက်မှ စတင်၍ ယခုစာသင်နှစ်အတွက် အသစ်ခန့်အပ်ထားသည့် အခြေခံဆရာ/ဆရာမ သစ်လွင်များအား သင်တန်းကာလတစ်လဖြင့် မွမ်းမံသင်တန်းဖွင့်လှစ်ခဲ့ရာ ယနေ့နံနက် ၈ နာရီ၌ သင်တန်းဆင်းပွဲ ကျင်းပခဲ့ပြီး အဆိုပါ သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းအား သင်တန်းသား၊ သင်တန်းသူ (၂၃၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲတွင် သင်တန်းသား၊ သင်တန်းသူများမှ ကျောင်းသီချင်းသီဆိုခြင်း၊ ဆရာ/ဆရာမများ ခံယူအပ်သော သစ္စာဓိဌာန်(၆)ရပ် ရွတ်ဆိုခြင်းတို့ဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုသင်တန်း တက်ရောက်ခဲ့ကြသူများသည် အနာဂတ် သားကောင်းရတနာများအား မွေးထုတ်ပေးကြမည့် ဆရာ/ဆရာမများဖြစ်ကြောင်း၊ စေတနာ၊ ဝါသနာ၊ ဂရုဏာတို့ကို အခြေခံ၍ ကျောင်းသား/ကျောင်းသူများအတွက် စံပြနမူနာဖြစ်အောင် ကျင့်ကြံပြုမူနေထိုင်ရမည် ဖြစ်ကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအပေါ် စာသင်ကြားရင်း မိမိတို့ကိုယ်တိုင်ကလည်း အသိပညာ၊ အတတ်ပညာများကို အစဉ်အမြဲလေ့လာ၍ ထာဝရကျောင်းသားကြီးများအဖြစ် ခံယူနေထိုင်ရမည်ဖြစ်ကြောင်း ဩဝါဒစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပညာရေးဒီဂရီကောလိပ်အတွက် ထောက်ပံ့ငွေ (၅)သိန်းပေးအပ်ရာ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပြီး သင်တန်းတွင် ထူးချွန်ခဲ့သည့် သင်တန်းသား/ သင်တန်းသူ (၆)ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဆုချီးမြှင့်ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘိုကလေးမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက် ဦးလှသိန်းလမ်းရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်း ပေးအပ်ခဲ့ရာ သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)