အောက်တိုဘာ ၂၁
ဘိုလီးဗီးယားနိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်မှုကြောင့် ဒုတိယမြောက်သေဆုံးသူရှိလာကြောင်း အရှေ့ပိုင်းမြို့ရှိ ဆေးရုံအကြီးအကဲက ယမန်နေ့ကပြောကြားသည်။
နိုင်ငံအတွင်း မျောက်ကျောက်ရောဂါပထမဆုံးကူးစက်မှုကို ဩဂုတ်လ ၁ ရက်က တွေ့ရှိရသည်ဟု သိရသည်။
အဆိုပါဒုတိယမြောက်သေဆုံးသူသည် အောက်တိုဘာ ၁၀ ရက်က ဆေးရုံတက်၍ကုသမှုခံယူခဲ့သူဖြစ်ကြောင်းနှင့် ၎င်းတွင် ပြင်းထန်သောကိုယ်ခံအားစနစ်အခြေအနေကဲ့သို့သော အခြားရောဂါဝေဒနာများအပြင် အရေပြားဒဏ်ရာ ၂၇၀ ကျော်ရှိကြောင်း စန်ဂျန်ဒိဒို့ပြည်သူ့ဆေးရုံ၏အကြီးအကဲ မာစီလိုကူလာက ပြောသည်။
ထိုဆေးရုံမှာပင် မျောက်ကျောက်ရောဂါကူးစက်မှုကြောင့် အောက်တိုဘာလ ၇ ရက်က လူသေဆုံးမှုပထမဆုံး ဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းတွင် မျောက်ကျောက်ရောဂါကူးစက်ခံရဆဲလူနာ ၈၁ ဦးအပါအဝင် ထိုရောဂါကူးစက်ခံရသူပေါင်း ၂၃၇ ဦး ရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပြောကြားသည်။
မျောက်ကျောက်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ဟန့်တားရေးနှင့် လျော့ပါးသက်သာစေရေးတို့ပါဝင်သည့် နိုင်ငံတစ်ဝန်းစီမံချက်ဖြင့် ထိုရောဂါကူးစက်မှုကိုထိန်းချုပ်နိုင်သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဂျေစန်အောဇာက လွန်ခဲ့သောလက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို