ဖေဖော်ဝါရီ ၂၇
ဘိုလီးဗီယားနိုင်ငံတွင် နိုဝင်ဘာလကစတင်ကာ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် သေဆုံးသူ ၃၇ ဦး ရှိလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဒုတိယဝန်ကြီး ဂျူအန်ကာလို့ကာဗီမန်တတ်က ယမန်နေ့ကပြောကြားသည်။
သေဆုံးသူ ၃၇ ဦးရှိသည့်အနက် ၁၆ ဦးသည် ကိုခါဘမ်ဘာဒေသမှဖြစ်ပြီး ခြောက်ဦး ပျောက်ဆုံးလျက်ရှိသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သေဆုံးသူများမှာ လာပတ်ဒေသတွင် ရှစ်ဦး၊ ပိုတိုစီဒေသတွင် ငါးဦး၊ ချူကီဆာကာတွင် ငါးဦး၊ တာရီဂျာဒေသတွင် နှစ်ဦးနှင့် စန်တာခရုဇ်တွင် တစ်ဦး တို့ဖြစ်ပြီး လာပတ်ဒေသတွင် သုံးဦး၊ ကိုခါဘမ်ဘာဒေသတွင် နှစ်ဦးနှင့် ချူကီဆာကာဒေသတွင် တစ်ဦးတို့ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
နေအိမ်အလုံး ၃၇၉ လုံးပျက်စီးခဲ့ရာ လာပတ်ဒေသတွင် ၃၁၉ လုံး၊ ကိုခါဘမ်ဘာဒေသတွင် ၃၅ လုံး၊ ဘီနီဒေသတွင် အလုံး ၂၀ နှင့် ပိုတိုစီဒေသတွင် ငါးလုံးတို့ဖြစ်သည်ဟု ၎င်းကဆိုသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသ ၁၆၈၄ ခု၊ အိမ်ထောင်စု ၁၆၁၁၂၅ စု၊ ၄၃၁၇၁ ဦးတို့ ရေဘေးသင့်ခဲ့ကြောင်း ၎င်းကထပ်လောင်းပြောသည်။
လာပတ်၊ ကိုခါဘမ်ဘာ၊ တာရီဂျာ၊ ပန်ဒို၊ ဘန်နီနှင့် ပိုတိုစီဒေသတို့တွင် မိုးလေဝသနှင့်ဇလဗေဒဌာနကထုတ်ပြန်ထားသော ရာသီဉတုဆိုင်ရာသတိပေးချက် အသက်ဝင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို