ဖေဖော်ဝါရီ ၆
ဘိုလီးဗီးယားနိုင်ငံတွင် နိုဝင်ဘာလမှစတင်ကာ မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ၂၃ ဦးသေဆုံးခဲ့ပြီး နိုင်ငံ၏နယ်မြေအုပ်ချုပ်ရေးဌာနကိုးခုရှိသည့်အနက် နယ်မြေရှစ်ခုရှိအိမ်ထေင်စု ၁၀၉၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့ကပြောကြားသည်။
လွန်ခဲ့သောတစ်ပတ်အတွင်းမှာပင် နယ်မြေအုပ်ချုပ်ရေးဌာန ချုဆာကာ တောင်ပိုင်း၊ လာပတ်ဇ် အနောက်ပိုင်း၊ တာရီဂျာ တောင်ပိုင်း၊ ကိုချာဘမ်ဘာ အလယ်ပိုင်း၊ စန်တာခရုဇ် အရှေ့ပိုင်းနှင့် ပိုတိုစီ အနောက်တောင်ပိုင်းတို့တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၉ ဦးမှ ၂၃ ဦးအထိမြင့်တက်လာပြီး နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျူအန်ကာလို့စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
လွန်ခဲ့သောသီတင်းပတ်ကလည်း ရေကြီးမှုကြောင့် ၎င်းတို့နေအိမ်များမှဘေးလွတ်ရာသို့ ရွှေ့ပြောင်းသွားသူအရေအတွက် ၈၄၀၂၉ ဦးမှ ၁၀၉၁၅၆ ဦးအထိများပြားလာသည်ဟု သိရသည်။
မြို့များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် လွန်ခဲ့သောလက နယ်မြေအုပ်ချုပ်ရေးဌာန လာပတ်ဇ်တွင် အရေးပေါ်အခြေအနေတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။
မိုးများဆက်လက်ရွာသွန်းနိုင်သည်ဟု အမျိုးသားမိုးလေဝသနှင့် ဇလဗေဒဌာန တာဝန်ရှိသူတစ်ဦးက သတိပေးပြောကြား ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို