နေပြည်တော် ဇန်နဝါရီ ၂၃

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်က နစ်နာကြေး၊ လျော်ကြေးပေးချေရန် တွက်ချက်တင်ပြလာသော လုပ်ငန်းကိစ္စရပ် တစ်ခုချင်းအလိုက် မြေယာတန်ဖိုး သီးနှံတန်ဖိုးများ သင့်လျော်မှန်ကန်ခြင်း ရှိ/မရှိ အသေးစိတ် စိစစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေး ပေးလျော်မည့်အခြေအနေ၊ မြေယာပိုင်ဆိုင်သူတောင်သူလယ်သမားများ၊ သက်ဆိုင်သူများနှင့် သဘောတူညီစွာ ညှိနှိုင်းဆောင်ရွက်ထားမှု အခြေအနေတို့ကို နေပြည်တော်နှင့် တိုင်းဒေသကြီး ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက သေချာစွာစိစစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိထားကြသည့် တောင်သူ လယ်သမားများနှင့် မြေယာပိုင်ဆိုင်သူများ နစ်နာမှုမရှိစေရေးအတွက် နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ အလျင်အမြန်ပေးလျော်နိုင်စေရေး ဆက်လက်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

သီးနှံလျှော်ကြေးများ တွက်ချက်တင်ပြရာ၌ လယ်မြေတွင် ဥပဒေနှင့်အညီ စိုက်ပျိုးထားသည့်သီးနှံများနှင့် ယာမြေတွင် ဥပဒေနှင့်အညီ စိုက်ပျိုးထားသော စိုက်ပျိုးသီးနှံပင်များ ကိုသာ တိကျမှန်ကန်စွာ စာရင်းဇယားများ တိမ်းစောင်းချွတ်ချော်မှုမရှိစေဘဲ စိစစ်တင်ပြရေးကို သက်ဆိုင်ရာဌာနများက ပူးပေါင်းကြပ်မတ်ပေးရန် တိုက်တွန်းလိုကြောင်း၊ တောင်သူများ မနစ်နာစေရန် အလေးထားဆောင်ရွက်သကဲ့သို့ နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရှုံးမှုမရှိစေရန် သတိပြုရမည်ဖြစ်ကြောင်း။

အချို့သောဒေသများ၌ လယ်မြေပေါ်တွင် ဒေသနှင့်ကိုက်ညီသည့် ဝင်ငွေပိုမို ရရှိနိုင်သော သီးနှံ Cash Crop ပြောင်းလဲစိုက်ပျိုးခွင့် တင်ပြလာမှုအပေါ် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာမြေဥပဒေပုဒ်မ ၂၈ ပုဒ်မခွဲ (က)အရ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်၍ ဒေသအတွင်း ဆန်စပါးဖူလုံမှုနှင့် ပတ်ဝန်းကျင် လယ်ယာ မြေများ ကို ထိခိုက်နိုင်မှု မရှိပါက တောင်သူများအတွက် ဝင်ငွေပိုမိုရရှိနိုင်ရန်  သီးနှံ Cash Crop ကို ပြောင်းလဲစိုက်ပျိုး ခွင့်ပြုပေးနိုင်ရေး ထည့်သွင်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး က(၁၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်း ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းစာတွဲများကို တင်ပြရာ တက်ရောက်လာကြသူများက အကြောင်းအရာ တစ်ခုချင်းအပေါ် ဆွေးနွေးကြပြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်က နစ်နာကြေး၊ လျော်ကြေးပေးချေရန် တွက်ချက်တင်ပြလာသော လုပ်ငန်းများ၊ နိုင်ငံနှင့်တစ်ဝှမ်း လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် တင်ပြလာသည့် ကိစ္စရပ်များကိုလည်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်