နေပြည်တော် ၁၄ အောက်တိုဘာ
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၃၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက Video conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်၊ အဖွဲ့ဝင် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့် အကြောင်းအရာများအား တင်ပြရာ အဖွဲ့ဥက္ကဋ္ဌနှင့် အစည်းအဝေး တက်ရောက်လာကြသူများက လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အစိုးရကာလ (၅)နှစ်ခန့်အတွင်း ယခုအစည်းအဝေး အကြိမ်ပါ ထည့်သွင်းတွက်ချက်ပါက (၃၃)ကြိမ်မြောက် ကျင်းပနိုင်ခဲ့ကြောင်း စိစစ်တွေ့ရှိပါကြောင်း၊ ယခုလို ကိုဗစ်-၁၉ ကာလအတွင်း Video conferencing စနစ်ဖြင့် ကျင်းပခဲ့သည်မှာ ဒုတိယအကြိမ်မြောက်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များ၊ ဌာနဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတော်က ချမှတ်ပေးထားသော စီမံကိန်းရည်မှန်းချက်များကို အချိန်နှင့် တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ထံ ရောက်ရှိနေသော အမှုတွဲများမှ ရွေးထုတ်ပြီး ယခုလို အစည်းအဝေးခေါ်ယူ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း။
ယခုအစည်းအဝေးတွင် နိုင်ငံတော်အကျိုးငှာဖြစ်စေ၊ အများပြည်သူအကျိုးငှာဖြစ်စေ နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သိမ်းယူခဲ့သည့် လယ်ယာမြေများအတွက် လယ်ယာမြေပိုင်ရှင်တောင်သူများနှင့် မြေရှင်များ နစ်နာမှုမရှိစေရန် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက်လျော်ကြေး၊ နစ်နာကြေးများကို ဆောလျင်စွာပေးလျော်နိုင်ရေးကိစ္စ၊ ဌာနဆိုင်ရာများမှ လယ်မြေအား အခြားနည်းဖြင့် အသုံးပြုခွင့် လျှောက်ထားလာသည့်ကိစ္စရပ်များနှင့် ယခင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးများ၌ တင်ပြစိစစ်ဆွေးနွေး ထားရှိခဲ့ပြီးသော လယ်ယာမြေအား အခြားနည်း အသုံးပြုခွင့် ခွင့်ပြုမိန့်မရဘဲ ကြိုတင်အသုံးပြုထားမှုအပေါ် ဒဏ်ကြေးငွေပေးဆောင်ရန် ကိစ္စရပ်နှင့်ပတ်သက်၍ ပြန်လည်စိစစ်တင်ပြရန် ဆုံးဖြတ်ညွှန်ကြားထားခဲ့မှုကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့များက ချမှတ်သင့်သော ဒဏ်ကြေးငွေ အဆိုပြုပြန်လည်တင်ပြလာမှုကိစ္စရပ်များ ဒဏ်ကြေးငွေပမာဏ သင့်လျော်မှု ရှိ/မရှိ အတည်ပြုဆုံးဖြတ်နိုင်ရန်အတွက် ဆွေးနွေးဆုံးဖြတ်ပေးသွားရမည် ဖြစ်ကြောင်း။
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ လျော်ကြေးငွေများ တွက်ချက်တင်ပြရာတွင်လည်း ဒဏ်ကြေးငွေပမာဏ နည်းပါးသွားပါက လယ်ယာမြေကို အပြီးတိုင် စွန့်လွှတ်လိုက်ရမည့် တောင်သူလယ်သမားများအတွက် နစ်နာမှု ဖြစ်ပွားစေနိုင်ပြီး များပြားသွားပါက ပေးလျော်မည့် လျော်ကြေးငွေမှာ နိုင်ငံတော်၏ ဆုံးရှုံးမှု ဖြစ်သွားနိုင်ကြောင်း၊ ထို့အတွက် တွက်ချက်ရာတွင် စီမံကိန်း မဆောင်ရွက်မီ ကာလ၊ ယခင် ပေါက်စျေး၊ ကာလပေါက်စျေးများ ချိန်ထိုး၍ နှစ်ဦးနှစ်ဖက် မျှတမှုရှိရန် တွက်ချက်ပေးရန် အရေးကြီးပါကြောင်း၊ ခွင့်ပြုမိန့်မရရှိမီ လယ်ယာမြေအား အခြားနည်းသုံးစွဲခြင်းကြောင့် ပေးဆောင်ရမည့် ဒဏ်ကြေးငွေတွက်ချက် သတ်မှတ်ရာတွင်လည်း ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ထားသည့် မူဝါဒများနှင့်အညီ စိစစ်တွက်ချက်ပေးရန်လိုကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံကိန်းလုပ်ငန်းများ၊ အများပြည်သူ အကျိုးငှာ ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သိမ်းယူခဲ့သည့် လယ်ယာမြေများအတွက် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး၊ အဆောက်အဦ လျော်ကြေးများအတွက် စုစုပေါင်း ငွေကျပ်သန်း ၂၀၀၀ ကျော် ပေးလျော်ရန် အတည်ပြု ဆုံးဖြတ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


