နေပြည်တော် ၂၈ ဇူလိုင်

 

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ အကြိမ်(၃၀)မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေ စီမန်ခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံရေးအပေါ် အဓိကသက်ဆိုင်သည့် လယ်ယာမြေများ မလျော့ပါးရေးနှင့် ကုန်ထုတ် စွမ်းအားတိုးတက်ရေး အခြေခံအဆောက်အဦများဖြစ်သည့်  စက်ရုံအလုပ်ရုံများ တိုးပွားတည်ဆောက်ရေး လုပ်ငန်းများ တစ်ခုနှင့်တစ်ခု အဟန့်အတား၊ ကန့်သတ်ချက် မဖြစ်စေရန် မြော်မြင်သုံးသပ်ပြီး အကောင်းဆုံး လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ တစ်ဖက်တွင်လည်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို အသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်လာရေး အားပေးဆောင်ရွက်လျက်ရှိရာ မိမိတို့အစိုးရကာလအတွင်း စိုက်ပျိုးမှုတည်ငြိမ်သွားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ (၄၆၃၂) ဧကအား လယ်ယာမြေအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ လယ်ယာမြေအခြားနည်း သုံးစွဲခွင့် လျှောက်ထားလာမှုများနှင့် ပတ်သက်၍လည်း ဌာနဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်မှ အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ပေးရာတွင် လိုအပ်သော အချိန်ကာလထက် ပိုမိုကြာမြင့်မှု မရှိစေရေးနှင့် အခြားနည်းသုံးစွဲခွင့်ပြုပြီး မြေများတွင်လည်း သတ်မှတ်ချက်ပါ ကာလအတိုင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိပါက လယ်ယာမြေဥပဒေပါ ပြဌာန်းချက်နှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့အပြင် လယ်ယာမြေအပေါ် ခွင့်ပြုချက်မရရှိမီ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဟန့်တားရန် လိုအပ်ကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊ အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ခဲ့ကြပြီး အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစဉ်များအား ဖတ်ကြားတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက အကြောင်းအရာတစ်ခုချင်း အလိုက်ဆွေးနွေးခဲ့ကြသည်။

 

အကြိမ်(၃၀)မြောက်အဖြစ် ယနေ့ကျင်းပသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် သိမ်းယူခဲ့သည့် လယ်ယာမြေများအတွက် ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေးပေးချေရမည့် ကိစ္စရပ်များ၊ ယခင်အစိုးရကာလများက ခွင့်ပြုထားသော လ/န - ၃၉ ခွင့်ပြုမိန့်အား ပယ်ဖျက်ပေးပါရန် တင်ပြလာသည့် ကိစ္စရပ်များ၊ လယ်မြေအား အခြားနည်းဖြင့် အသုံးပြုခွင့် လျှောက်ထားလာသည့် ကိစ္စရပ်များ၊ လယ်ယာမြေအား အခြားနည်း ခွင့်ပြုမိန့်မရဘဲ ကြိုတင်အသုံးပြုထားသည့်အပေါ် ဒဏ်ကြေး ငွေပေးဆောင်ရန် အဆိုပြုတင်ပြလာသော ကိစ္စရပ်များကို လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ အရလည်းကောင်း၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၁၆.၅.၂၀၁၃) ရက်စွဲပါ စာဖြင့် စိစစ်ရန်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အရ လည်းကောင်း၊ ကိုက်ညီ မှန်ကန်မှု ရှိ/မရှိ စိစစ်ဆောင်ရွက်ပြီးနောက် ကိုက်ညီ မှန်ကန်မှုရှိပြီး ပြည့်စုံစွာ တင်ပြလာသည့် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၀ (က) အရ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် လုပ်ငန်းစာတွဲများနှင့် ပတ်သက်၍ ခွင့်ပြုရန် သင့်/ မသင့် ကိစ္စရပ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ဖြေရှင်းဆောင်ရွက်နေသော လယ်ယာမြေ အငြင်းပွားမှုများအပေါ် သတ်မှတ်ကာလအတွင်း ဖြေရှင်းပြီးပြတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ယခင်အစည်းအဝေးများအရ ပြန်လည်စိစစ်တင်ပြစေခဲ့သော လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများကို ဝိုင်းဝန်းစိစစ်အတည်ပြုခြင်း၊ သက်ဆိုင်ရာကော်မတီသို့ ပြန်လည်ပေးပို့ခြင်းများကို အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်